ခမ်သားငေါဝ်း
ဇန်နဝါရီ ၁၅၊ ၂၀၂၅

ဆီဆိုင်မြို့နယ် ထီဆုံရွာသားများသည် ယခုချိန်ထိနေအိမ်မပြန်ရသည်မှာ တစ်နှစ်ရှိပြီဖြစ်သောကြောင့် စားဝတ်နေရေးအတွက် အကူအညီလိုအပ်နေကြောင်း ဇန်နဝါရီလ(၁၅)ရက်နေ့တွင် ဒေသခံထံမှသိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်၊ နောင်ကျောကျေးရွာအုပ်စု ထီဆုံရွာသားများသည် စစ်ဘေးရှောင်ရသည်မှာ တစ်နှစ်ရှိပြီဖြစ်ပြီး ယခုနှစ်ဆန်းပိုင်းမှစပြီး တိုက်ပွဲများတဖန်ဖြစ်ပွားလာသောကြောင့် အခက်အခဲများစွာဖြင့် ရင်ဆိုင်နေရကြောင်းသိရသည်။

“အခုအခြေအနေကတော့ပြန်ငြိမ်ပြီ ဘာမှမကြားရတော့ဘူး ဒါပေမဲ့အိမ်ပြန်လို့မသေးတာတစ်ခုပဲ၊ အခုကတောင်ယာခြံမှာပဲနေနေရတော့ ချက်ပြုတ်ဖို့ထင်းအခက်အခဲတွေ ရေအခက်အခဲတွေရှိတယ် ဒီမှာကရေတွင်းရေကန်မရှိတော့ ချိုးဖို့ရေတော့မပြောတော့ပါဘူး သောက်ရေရဖို့တောင်အနိုင်နိုင်ဆိုတော့” ဟုဒေသခံအမျိုးသားတစ်ဦးက ခမ်းသားငေါဝ်းကိုပြောသည်။

ထိုဒေသတွင်ယခင်ကတည်းကရေဝယ်သုံးနေရပြီး ယခုအချိန်တွင် တိုက်ပွဲများကြောင့် ရေလာရောင်းပေးသည့်သူမရှိသလို တစ်ခြားဒေသသို့ရေသွားယူမည်ဆိုပါက နေ့စဥ်စစ်ကောင်စီ၏ ဒရုန်းသံ လက်နက်ကြီးသံများကြောင့် အသွားအလာစိုးရိမ်နေရကြောင်းသိရသည်။

“အရင်ရွာမှာနေထိုင်ရတုန်းဆို စားဖို့သောက်ဖို့အတွက်ကရှာစားရတာလွယ်တယ်လေ အခုကရှာစားရတာမလွယ်တော့ ဝတ်စားဆင်ယင်ဖို့တော့မပြောတော့ဘူး စားသောက်ဖို့ ဆား၊အချိုမုန့်တို့အတွက်တောင် ခက်ခဲနေတာ အခုဟာက သူများပြောတဲ့ “အဝတ်ဆိုလို့ကိုယ်ပေါ်မှာ စားသောက်ဖို့ဆိုလည်းဗိုက်ထဲပဲကျန်”အဲ့တာနဲ့တူနေပြီ” ဟု၎င်းကဆက်ပြောသည်။

ထီဆုံရွာသားများသာမကပဲ နောင်ကျောကျေးရွာ အုပ်စုအတွင်းရှိ အခြားတိုက်ပွဲနှင့်နီးစပ်သည့် ကျေးရွာများသည်လည်း ထိုနည်းတူစစ်ဘေးတိမ်းရှောင်နေရပြီး အခက်အခဲများစွာကြုံတွေ့နေကြရကြောင်း သိရသည်။

ယခုလိုစစ်ဘေးတိမ်းရှောင်နေရသည့်ပြည်သူများသည် အခက်အခဲပေါင်းများစွာကို ရင်ဆိုင်ကျော်ဖြတ်ရသည်မှာ အရမ်းကိုပင်ပန်းသည့်အတွက် ယခုလိုအဖြစ်အပျက်မျိုး ထပ်ပြီးတော့မှမကြုံချင်ကြတော့ကြောင်း နောင်လာမည့်နေ့ရက်များလည်း ပြည်သူလူထုအားလုံး စိတ်ချမ်းသာကိုယ်ကျန်းမာနှင့်နေနိုင်ရန် ၎င်းအမျိုးသားက အမြဲမျှော်လင့်တောင်းနေကြောင်း သိရသည်။

ပြီးခဲ့သည့် ဇန်နဝါရီ ၁၂ ရက်နေ့တွင်လည်းတိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ကြောင်းငိရသည်။

#Photo: Online
#PPV007
#humtarian
#ထီဆုံ
#ဆီဆိုင်