ခမ်းသားငေါဝ်း
ဇန်နဝါရီ ၁၀၊ ၂၀၂၅
တစ်ရက်ကိုမိနှစ်ပိုင်းသာလာသည့် လျှပ်စစ်မီး ကြောင့်တောင်ကြီးတွင် နည်းပညာဖြင့်ပညာ သင်ကြားရေးများနှင့် လျှပ်စစ်မီးဖြင့်လုပ်ဆောင်ရသည့်လုပ်ငန်းများ ရပ်နားခဲ့ရသည်အထိဖြစ်လာကြောင်းသိရသည်။
ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့ပေါ်တွင် လျှပ်စစ်မီး ပြတ်တောက်မှု အခြေအနေဆိုးလာပြီး ပြည်သူများ အခက်ခဲမျိုးစုံနှင့်ကြုံတွေ့နေရသည်။
“ကျောင်းမှာဆို တစ်ပတ်ကို မီးစက်ဆီက (၂)ခေါက်လောက် ဝယ်နေရတော့ ပိုကုန်လာတယ်။ ဆီဈေးကလည်း သိတဲ့အတိုင်း အဲ့လိုဆိုတော့ ကျောင်းသားတွေက ဖုန်းအား၊ Laptop အား မရှိတော့ မတက်နိုင်ဖြစ်တာ” ဟု အမည်မဖော်လိုသည့် ကျောင်းသား တစ်ဦးက ခမ်းသားငေါဝ်းကို ပြောသည်။
လျှပ်စစ်မီးပုံမှန် မလာခြင်းကြောင့် အင်တာနက်လိုင်းများပါ မကောင်းတော့ဘဲ Online အသုံးပြုပြီး ပညာရေးလေ့လာသည့် အပိုင်းတွင်လည်း အဆင်မပြေမှုများ ရှိနေကြောင်း သိရသည်။
အွန်လိုင်း ပညာရေးလေ့လာနေသူ တစ်ဦးကလည်း “မီးလာတာက နာရီပိုင်းတောင်မပြည့်ဘူး ကွန်ပျူ တာအားလည်းမရှိ လိုင်းကလည်းမကောင်းဆိုတော့ အွန်လိုင်းမှာ လေ့လာမှု လုပ်ရတာပါ ထိခိုက်မှုတွေ ဖြစ်လာတယ်။ လိုင်းမကောင်းတော့ စာနောက်ကျ အတန်းဖော်တွေဆီ ပြန်လိုက်မေးရတဲ့ အခြေအနေ ရှိတယ်” ဟု ပြောသည်။
ထို့အပြင် လူသူအသုံးမပြုသည့်အချိန်တွင် လျှပ်စစ်မီး ပေးခြင်းကြောင့် ယခုရက်ပိုင်း အတွင်း တောင်ကြီးမြို့မင်္ဂလာဦးတွင် Transformer မီးလောင်သည့် ဖြစ်စဉ်လည်း ဖြစ်ပွားခဲ့ကြောင်း သိရသည်။
တောင်ကြီးမြို့အပါအဝင် အခြား မြို့ကြီးဖြစ်သည့် ရန်ကုန်၊ မန္တလေးမြို့တွင်လည်း လျှပ်စစ်မီး ပြတ်တောက်မှု အခြေအနေဆိုးရွားနေကြောင်း သိရသည်။
စစ်ကောင်စီ၏ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနအနေဖြင့် (၂၀၂၅)ခုနှစ်တွင် လျှပ်စစ်စွမ်းအား လုံလောက်မှု ရှိရန် ဆောင်ရွက်နေသော်လည်း မြန်မာတစ်နိုင်ငံလုံးတွင် ဓာတ်အားလိုအပ်ချက် (၅၅၀၀)မဂ္ဂါဝပ်ခန့်ရှိကြောင်းနှင့် လက်ရှိတစ်ရက်လျှင် မဂ္ဂါဝပ် (၂၈၀၀)လောက်သာ ထုတ်လုပ်နိုင်သည့်အတွက် နိုင်ငံတစ်ဝန်း(၅၀)ရာခိုင်နှုန်းသာ လျှပ်စစ်မီးပေးနိုင်မှုကို ပြည်သူများ နားလည်ပေးစေချင်ကြောင်း တောင်ပန်ထားသည်။
#PPV0011
#Humanright