ခမ်းသားငေါဝ်း
ဇန်နဝါရီ ၁၀၊ ၂၀၂၅
အိုင်စန့်ကျေးရွာတွင် စစ်ကောင်စီ- ၅၃၀ အမြောက် တပ်စခန်းမှ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုကြောင့် (၁၀)နှစ်အောက် ကလေးငယ်(၂)ဦး သေဆုံးပြီး လသားအရွယ်ကလေး(၁)ဦး ဒဏ်ရာရခဲ့ကြောင်း စုံစမ်းသိရသည်။
ရှမ်း-ကရင်နီ နယ်စပ် မိုးဗြဲ ပိန်းချစ်ကျေးရွာအုပ်စု၊ အိုင်စန့်ကျေးရွာတွင် ဇန်နဝါရီ(၉)ရက်နေ့က စစ်ကောင်စီမှ ရှမ်းတောင် ဆီဆိုင်တိုက်ပွဲအပြီး ကရင်နီတပ်ပေါင်းစု အပြန်လမ်းကို လက်နက်ကြီးဖြင့် ရမ်းသမ်း ပစ်ခတ်မှုကြောင့် အပြစ်မရှိ ကလေးငယ်(၂)ဦး ထိခိုက်သေဆုံးသွားခြင်းဖြစ်ကြောင်း သိရသည်။
“ပြည်သူတွေရှိတဲ့နေရာကို မတိကျမသေချာပဲ မလုပ်သင့်ဘူး။ အခုတော့ အပြစ်မဲ့ ကလေးသေဆုံးသွားရပြီ။ မိဘတော့ ရင်ကျိုးမတတ်ဖြစ်ရတာပေါ့။ ဒဏ်ရာရတဲ့ ကလေးငယ်လည်း ဒဏ်ရာပြင်းထန်တယ်”ဟု ဖြစ်စဉ် သိရှိသူ တစ်ဦးက ခမ်းသားငေါဝ်းကို ပြောသည်။
ဒဏ်ရာရထားသော ကလေးငယ်ကို ဆေးရုံသို့ ပို့ဆောင်ပြီး ဆေးကုသမှု ခံယူနေကြောင်း သိရသည်။
လက်ရှိမှာလည်း ရှမ်းကရင်နီ နယ်စပ် ဖယ်ခုံ အနောက်ဘက်ခြမ်းတွင် စစ်ကောင်စီဘက်က စစ်ကြောင်းထိုးလာသောကြောင့် ကရင်နီတပ်ပေါင်းစုမှ လက်နက်ကြီးဖြင့် ပစ်ခတ်ရှင်းလင်းမှုတွေ ရှိနေကြောင်း သိရသည်။
#PPV0011
#Humanright
#မိုးဗွဲ၊