ခမ်းသားငေါဝ်း
ဇန်နဝါရီ ၈၊ ၂၀၂၅
ကချင်ပြည်နယ်ရှိ မံစီမြို့နယ်တွင် ကျန်ရှိနေသော စစ်ကောင်စီ တပ်စခန်းအားလုံးကို (KIA)နှင့် ပူးပေါင်းတပ်ဖွဲ့များက ဇန်နဝါရီ (၈)ရက်နေ့တွင် အပြီးတိုင် သိမ်းပိုက်နိုင်ပြီ ဖြစ်ကြောင်း ဒေသတွင်း သတင်းရင်းမြစ်ထံမှ သိရသည်။
မံစီမြို့ကို (KIA) ပူးပေါင်းတပ်ဖွဲ့မှ ပြီးခဲ့သည့် ဒီဇင်ဘာလထဲက စတင်တိုက်ခိုက်ခဲ့ရာ ကျန်ရှိနေသေးသည့် စစ်ကောင်စီတပ်စခန်း ခမရ-၃၁၉၊ ခမရ- ၆၀၁ နှင့် အမတ-၃၅၂ တို့ကို ယနေ့ သိမ်းပိုက်နိုင်ပြီ ဖြစ်ကာ စစ်ကောင်စီ ကင်းရှင်းသော နယ်မြေ ဖြစ်လာပြီ ဖြစ်ကြောင်း သိရသည်။
” ပြီးခဲ့တဲ့ ဒီဇင်ဘာလထဲက စတင်တာ။ မြို့ထဲ ဒေသခံတွေက တိုက်ပွဲ ဖြစ်တော့ ရှောင်လို့ရမဲ့ အနီးနားဒေသကို ရှောင်ကြတာရှိတယ်။ ဒီနေ့တော့ တိုင်းရင်းသား တော်လှန်ရေးတပ်ဖွဲ့က အပြီးသိမ်းနိုင်ပြီ ပြောတယ်။ ထုတ်ပြန်တာတော့ မတွေ့ရသေးဘူး”ဟု ကချင်ပြည်နယ်တွင် နေထိုင်သည့် ဒေသခံတစ်ဦးက ပြောသည်။
လက်ရှိတွင် (KIA)တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့မှ ကချင်ပြည်နယ် ဗန်းမော်မြို့ကို ဆက်လက်ထိုးစစ်ဆင်နေပြီး ဗန်းမော်မြို့ အမှတ်(၄၇)ခြေမြန်တပ်ရင်းကို သိမ်းပိုက်နိုင်ကာ တိုက်ပွဲပြင်းထန်နေကြောင်း သိရသည်။
PPV0011
#စစ်ရေး
#ကချင်ပြည်နယ်
#မံစီမြို့နယ်
#KIA