ခမ်းသားငေါဝ်း
ဇန်နဝါရီ ၈၊ ၂၀၂၅
မြန်မာနိုင်ငံတွင် ကျယ်ပြန့်လာသော ပဋိပက္ခများကြောင့် ကလေးငယ် သေဆုံးမှု မြင့်တက်လာပြီး ကမ္ဘာပေါ်တွင်အများဆုံးဖြစ်ကြောင်း ယူနီဆက် မြန်မာ ၏ ၂၀၂၄ ဒီဇင်ဘာ ၂၀ ရက် အစီရင်ခံစာ ထုတ်ပြန်ချက်အရ သိရသည်။
၂၀၂၄ ခုနှစ်အတွင်း လေကြောင်းတိုက်ခိုက်မှုများအပါအဝင် အရှိန်အဟုန်မြင့်လာသော ပဋိပက္ခများကြောင့် ကလေးငယ် ၇၅၀ ကျော် သေဆုံးခဲ့ရပြီးတစ်နေ့လျှင် ကလေးနှစ်ဦးထက်ပို၍ သေဆုံး၊ ဒဏ်ရာရရှိခဲ့ကြောင်း ဆိုထားသည်။
၂၀၂၄ ခုနှစ် ဇန်နဝါရီလမှ စက်တင်ဘာလအတွင်း မြေမြှုပ်မိုင်းများနှင့် စစ်လက်နက်ပစ္စည်းကြွင်းကျန်များ (ERW) ကြောင့် အနည်းဆုံး ကလေး ၂၅၀ ဦး သေဆုံး၊ ဒဏ်ရာရရှိခဲ့ပြီးထိုကိန်းဂဏန်းသည် ကမ္ဘာပေါ်တွင် အများဆုံးဖြစ်သည်ဟုဖော်ပြထားသည်။
ထို့အပြင် မြန်မာနိုင်ငံရှိ ပြည်နယ်နှင့်တိုင်းဒေသကြီး အားလုံးနီးပါးသည် မြေမြှုပ်မိုင်းများ၊ စစ်လက် နက်ပစ္စည်းကြွင်းကျန်များ (ERW) များနှင့် ပျံ့နှံ့နေပြီး ကလေးများအတွက် အလွန်ကြီးမားသော အန္တရာယ်များ ဖြစ်လာကြောင်း ယူနီဆက်က ဆိုထား သည်။
ပိုမိုဆိုးရွား၊ ကျယ်ပြန့်လာသော ပဋိပက္ခများကြောင့် ၂၀၂၄ ခုနှစ်သည် မြန်မာနိုင်ငံတစ်ဝှမ်းရှိ ကလေးများအတွက် စိန်ခေါ်မှုများစွာရှိသော နှစ်တစ်နှစ်ဖြစ်ခဲ့ပါကြောင်း သိရသည်။
မြန်မာ့ကလေးငယ် ၆ သန်းခန့်သည် ပိုမိုဆိုးရွားလာသော လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အခြေအနေများကို ရင်ဆိုင်နေရပြီး ပြည်တွင်းနေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်သူ ၃.၅ သန်းနီးပါး၏ ၃၃ ရာခိုင်နှုန်းကျော်သည်လည်း ကလေးများဖြစ်ကြောင်း သိရ သည်။
အရပ်သားအများစုနေထိုင်ရာဒေသများတွင် မြေမြှုပ်မိုင်းများအသုံးပြုခြင်း၊ လေကြောင်းတိုက်ခိုက်မှုများနှင့် အခြားသေဆုံးစေနိုင်သည့် လက်နက်များကို တိုးမြှင့်အသုံးပြုလာခြင်းက ကလေးများအတွက် လုံခြုံရာနေရာများ နည်းပါးလာစေကာ စာသင်ကျောင်းများ၊ ဆေးရုံများနှင့် ကစားကွင်းများသည်လည်း အလားတူတိုက်ခိုက်မှုများ၏ ပစ်မှတ်များဖြစ်လာခဲ့ရပါကြောင်းဆိုသည်။
#ppv006
#ကလေးသူငယ်