ခမ်းသားငေါဝ်း
ဇန်နဝါရီ ၈၊ ၂၀၂၅

ကရင်နီပြည်(ကယား)ကြားကာလ အုပ်ချုပ်ရေးကောင်စီ(IEC) ကျန်းမာရေးဌာန၏ ဆေးရုံ၊ဆေးခန်းများတွင် တာဝန်ထမ်းဆောင်နိုင်ရန် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကျန်းမာရေးဝန်ကြီးဌာနမှ ဝန်ထမ်းများခေါ်ယူကြောင်း ဇန်နဝါရီ(၈)ရက်တွင် ထုတ်ပြန်ထားသည်။

အထူးကုဆရာဝန်များ (မည်သည့်အထူးကု ဘာသာရပ်အမျိုးအစားမဆို) နှင့် ဆရာဝန်များ ရာထူးအတွက် ခေါ်ယူထားကြောင်း ဖော်ပြထားသည်။

ထိုရာထူးများအတွက် လျှောက်ထားသူများအနေဖြင့် ပြည်ထောင်စု မြန်မာနိုင်ငံဖွား၊ ကျန်းမာရေး ကောင်းမွန်သူ၊ နိုင်ငံရေး ဝန်ထမ်းဖြစ်ပါက CDM ဝန်ထမ်း ဖြစ်ရမည် ဖြစ်ပြီး စစ်ကောင်စီနှင့် ပတ်သက်မှုမရှိသူနှင့် (IEC) ကျန်းမာရေးဌာနက တာဝန်ချထားသည့် နေရာဒေသများသို့ သွားရောက် တာဝန်ထမ်းဆောင်နိုင်သူ ဖြစ်ရမည် ဖြစ်ကြောင်း ဖော်ပြထားသည်။

ထို့အပြင် လျှောက်ထားသူများသည်(၂၀၂၅)ခုနှစ် ဇန်နဝါရီ(၃၁)ရက် နောက်ဆုံးထား လျှောက်ထားရမည် ဖြစ်ပြီး အတည်ပြုရွေးချယ်ခံရသူများသည် တာဝန်ထမ်းဆောင်မည့် နေရာများအတွက် လိုအပ်သည့် သင်တန်းများကို သတ်မှတ်အစီအစဉ်အတိုင်း တက်ရောက်ရမည် ဖြစ်ကြောင်း ဖော်ပြထားသည်။

တော်လှန်ရေးကာလနှင့် ကြားကာလ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်လျက်ရှိသည့် ကျန်းမာရေးသူရဲကောင်းများအတွက် လက်ရှိကာလအတွင်း လူမှုဘဝနှင့် လုပ်ငန်းခွင် လုံခြုံမှုများကို ကာကွယ်စောင့်ရှောက်မှု ပေးအပ်နိုင်ရန် အစီအစဉ်များ ချမှတ်ထားရှိကြောင်း ဖော်ပြထားသည်။

ထို့အပြင် တော်လှန်ရေးအလွန်ကာလမှာလည်း ဘဝအာမခံချက်များနှင့် အထူးအခွင့်အရေးများကို ဖယ်ဒရယ်ဒီမိုကရေစီ မူဝါဒများနှင့်အညီ ပေးအပ်သွားမည် ဖြစ်ကြောင်း ဖော်ပြထားသည်။

အကြမ်းမဖက်အာဏာ ဖီဆန်ရေး(CDM) လှုပ်ရှားမှုတွင် ပါဝင်သူများနှင့် တော်လှန်ရေးကာလအတွင်း အခက်အခဲ မျိုးစုံကြားတွင် ကျန်းမာရေး စောင့်ရှောက်မှု ပေးနေသူ ကျန်းမာရေး သူရဲကောင်း အားလုံးကို ဂုဏ်ပြု မှတ်တမ်းတင်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ကျန်းမာရေးဝန်ကြီးဌာနနှင့် ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေး ကောင်စီ (IEC) ကျန်းမာရေးဌာနက ဖော်ပြထားသည်။

PPV0011

You missed