ခမ်းသားငေါဝ်း
ဇန်နဝါရီ ၄၊၂၀၂၅

ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်အတွင်း ညောင်ရွှေ၊ပင်လောင်း မြို့ကျေးရွာများတွင်စစ်ကောင်စီနှင့် PNO ပြည်သူ့စစ်တို့၏ လေကြောင်းနှင့်လက်နက်ကြီးတိုက်ခိုက်ခံရမှု ၁၇၆ ကြိမ်ရှိခဲ့ကြောင်း အင်းလေးအမျိုးသမီးသမဂ္ဂ (IWU)အ ချက် အလက်အရ သိရသည်။

ရှမ်းပြည်နယ် တောင်ပိုင်း ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသအတွင်းရှိ ကျေးရွာများနှင့် ပင်လောင်းမြို့နယ်ရှိ ကျေးရွာတချို့ကို ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။

(၂၀၂၄) ခုနှစ် ဖေဖော်ဝါရီလအတွင်း စစ်ကောင်စီတပ်မှ ညောင်ရွှေမြို့နယ်နှင့် ပင်လောင်းမြို့နယ်တွင် လေကြောင်းနှင့် ‌လက်နက်ကြီး (၁၄) ကြိမ် တိုက်ခိုက်ခဲ့ပြီး လက်နက်ကြီးကြောင့် ညောင်ရွှေမြို့နယ် ဟိုပန်နောက်ရွာမှ ခရစ်ယာန်ဘုရားကျောင်း ထိခိုက်ပျက်စီးကာ အမျိုးသမီး (၂)ဦး ထိခိုက်ဒဏ်ရာ ရခဲ့ကြောင်း ဖော်ပြထားသည်။

ပင်လောင်းမြို့နယ်၌ မတ်လအတွင်း စစ်ကောင်စီတပ်မှ လက်နက်ကြီး ပစ်ခတ်မှု (၂၈)ကြိမ်နှင့် လေကြောင်း တိုက်ခိုက်မှု (၂)ကြိမ် စုစုပေါင်း (၃၀)ကြိမ် တိုက်ခိုက်မှုကြောင့် လူနေအိမ် (၅)လုံးနှင့် ဆေးခန်းနှင့် ဆိုင်ခန်း ပျက်စီးဆုံးရှုံးခဲ့ကြောင်း ဆို​ထားသည်။

ဧပြီလတွင်လည်း စစ်ကောင်စီနှင့် PNO ပြည်သူ့စစ် တပ်ဖွဲ့မှ လက်နက်ကြီး ပစ်ခတ်မှု (၄၈)ကြိမ်နှင့် လေကြောင်းတိုက်ခိုက်မှု(၃)ကြိမ် ပြုလုပ်ခဲ့ရာ ညောင်လေးပင် ဘုန်းကြီးကျောင်းနှင့် လူနေအိမ် (၉)လုံး ထိခိုက်ပျက်စီးမှု ရှိခဲ့ကြောင်းသိရသည်။

မေလအတွင်းတွင် လေကြောင်းနှင့် လက်နက်ကြီး ပစ်ခတ်မှု စုစုပေါင်း (၂၆)ကြိမ် ထပ်မံတိုက်ခိုက်ခဲ့ပြီး ပင်လောင်းမြို့နယ်ရှိ နန်းတုတ် စာသင်ကျောင်း ထိခိုက်ပျက်စီးကာ လူနေအိမ်(၄)လုံး ထိခိုက်ခဲ့သည်။

ပင်လောင်းမြို့နယ် နန်းတုတ်ရွာနှင့် ကုန်းသာရွာ၊ ညောင်ရွှေမြို့နယ် ရေပူရွာ၊ ညောင်လေးပင်ရွာ၊ စံကားရွာနှင့် ဟိုပန်ရှေ့ရွာများတွင် (၂၀၂၄)ခုနှစ် ဇွန်လနှင့် ဇူလိုင်လတွင် စစ်ကောင်စီနှင့် PNO ပြည်သူ့စစ် တပ်ဖွဲ့မှ လက်နက်ကြီး ပစ်ခတ်မှု အကြိမ်စုစုပေါင်း (၂၃)ကြိမ်ရှိခဲ့ကြောင်း ဖော်ပြထားသည်။

စက်တင်ဘာလနှင့် အောက်တိုဘလအတွင်း၌ ညောင်ရွှေမြို့နယ် စန့်စွဲရွာနှင့် ရေပူရွာကြား၊ ပင်လောင်မြို့နယ် အိမ်မူရွာနှင့် နန်းတုတ်ရွာတို့တွင် လက်နက်ကြီး ပစ်ခတ်မှု စုစုပေါင်း(၂၅)ကြိမ်ပြုလုပ်ခဲ့ပြီး ပြည်သူ (၂)ဦး ထိခိုက်မှုရှိသည်ဟု ဖော်ပြထားသည်။

ထို့အပြင်နိုဝင်ဘာလနှင့် ဒီဇင်ဘာလအတွင်းညောင်ရွှေမြို့နယ် စန့်စွဲကျေးရွာ၊ ရေပူရွာ၊ ညောင်လေးပင်နှင့် ဟိုပန်ရှေ့၊ ပင်လောင်မြို့နယ် နန်းတုတ်ရွာတို့တွင် လေကြောင်း၊ လက်နက်ကြီးနှင့် ဒရုန်းတို့ဖြင့် စစ်ကောင်စီ တိုက်ခိုက်မှု စုစုပေါင်း (၃၂)ကြိမ် ပြုလုပ်ခဲ့ကြောင်း အင်းလေးအမျိုးသမီးသမဂ္ဂ (IWU)အချက်အလက် အရသိရ သည်။

#PPV0011
#Humanright
#ညောင်ရွှေ
#ပင်လောင်း
#လေကြောင်းတိုက်ခိုက်

ခမ်းသားငေါဝ်း Telegram
t.me/ppv21
ခမ်းသားငေါဝ်း Tittok www.tiktok.com/@khamsarngor1 ကိုလည်းဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

You missed