ခမ်းသားငေါဝ်း
ဇန်နဝါရီ ၃၊၂၀၂၅

မိုးဗြဲတိုက်ပွဲတွင် ကယန်းအမျိုးသားတပ်မတော် KNA 2104 တပ်ရင်းမှ တပ်ခွဲမှူးကျဆုံးသွားကြောင်း ကယန်းအမျိုးသားတပ်မတော် KNA ကထုတ်ပြန်ထားသည်။

ရှမ်း-ကရင်နီ(ကယား) နယ်စပ် မိုးဗြဲတွင် ဇန်နဝါရီ ၁ ရက်နေ့၂၀၂၅ ခုနှစ်တွင် ပြုလုပ်သော စစ်ဆင်ရေးတစ်ခုအတွင်း၌ ကယန်းအမျိုးသားတပ်မတော် KNA ၏ 2104 တပ်ရင်းမှ တပ်ခွဲမှူး ခွန်လှမိုး ကျဆုံးသွားကြောင်းသိရသည်။

” တစ်ရက်နေ့တုန်းက ကျွန်တော်တို့ စစ်ဆင်ရေးတစ်ခုလုပ်တယ်၊ အဲ့နေ့ကတော့ အချိန်အားဖြင့် နှစ်နာရီ နှစ်နာရီ ခွဲလောက် ထိတွေ့မှုကြီးကြီးမားမားဖြစ်သွားတယ်၊ အဲ့မှာ ကျွန်တော်တို့ တပ်ခွဲမှူး ကျဆုံးသွားတယ်၊ စစ်ကောင်စီဖက်ကလည်း ၁၅ ၊ ၂၀ ဝန်းကျင်လောက်သေသွားတယ်၊ အတိအကျတော့မသိရသေးဘူး” ဟု KNA ပြောရေးဆိုခွင့်ရှိသူတစ်ဦးကခမ်းသားငေါဝ်းကိုပြောသည်။

KNA တရားဝင်ဖွဲ့စည်းတည်ထောင်ပြီး နှစ်လကျော် ကာလတွင် တပ်ဖွဲ့အတွင်း ရဲဘော် ၃ ဦးကျဆုံးသွားကြောင်းဆိုသည်။

”အဲ့မတိုင်ခင်တုန်းကလည်း တခြားအဖွဲ့အစည်းတစ်ခုခုနဲ့ ဖြစ်စေ၊ တခြားနာမည်တစ်ခုခုနဲ့ ဖြစ်စေ ပူးပေါင်းပါဝင်ပြီး လုပ်ဆောင်ထားတာတွေလည်းရှိတယ်ပေါ့နော်၊ အဲ့မှာလည်းပေးဆပ်ခဲ့ရတာတွေရှိပါတယ်၊ ဒါပေမယ့် အခုလက်ရှိ KNA ဖွဲ့စည်းတည်ထောင်ပြီးတဲ့နောက်မှာ ပေးဆပ်ထားရတာ ၃ ဦးရှိပြီး၊ အခြားထိခိုက်ဒဏ်ရာရတာတွေလည်း ၆ ဦလောက်ရှိပါတယ်” ဟု ၎င်း ကဆက်ပြောသည်။

KNA အနေနှင့် ၂၀၂၅ နှစ်ဦးပိုင်းတွင် အခြားမဟာမိတ်တပ်ဖွဲများနှင့်သော်လည်းကောင်း၊ KNA မိတပ်ဖွဲ့အနေဖြင့်သော်လည်းကောင်း စစ်ရေးအရှိန်မြင့်လုပ်ဆောင်သွားမည်ဖြစ်ကြောင်းဆိုထားသည်။

ပြည်သူများအနေဖြင့်လည်း သက်ဆိုင်ရာအစုအဖွဲ့များက ကြေငြာထုတ်ပြန်ချက်အမျိုးမျိုးနှင့် ပြင်ဆင်မှုများ လုပ်ဆောင်မှုအမျိုးမျိုးဖြစ်လာနိုင်သောကြောင့် သတိကြီးကြီးထားပြီး ဂရုစိုက်ရန်လိုအပ်ကြောင်း KNA ကတိုက်တွန်းပြောဆိုထားသည်။

စစ်ကောင်စီအင်အားဖြည့်တင်းထားသော မိုးဗြဲတွင်တော်လှန်ရေးတပ်ဖွဲ့များနှင့် နေ့စဥ် ထိတွေ့တိုက်ပွဲများဖြစ်ပွားနေကြောင်းသိရသည်။

#PPV 003
#KNA
#တိုက်ပွဲသတင်း
#မိုးဗွဲ
#ကယန်းအမျိုးသားတပ်

ခမ်းသားငေါဝ်း Telegram
t.me/ppv21
ခမ်းသားငေါဝ်း Tittok www.tiktok.com/@khamsarngor1 ကိုလည်းဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

You missed