ခမ်းသားငေါဝ်း
ဒီဇင်ဘာ ၂၄၊ ၂၀၂၄
ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့တွင် Wifi Fiber Internet လိုင်းပျက်နေသည်မှာ တစ်လ နီးပါး ကြာမြင့်ပြီဟု ဒီဇင်ဘာလ ၂၄ ရက်တွင် ဒေသခံများထံမှ သိရသည်။
ယခင်လမှ စတင်၍ Wifi Fiber Internet အင်တာနက် လိုင်းများ မကောင်းတော့ဘဲ လူမှုကွန်ရက် စာမျက်နှာများ၊ ဆိုရှယ်မီဒီယာများကို ဝင်သုံး၍ မရသည်မှာ အချိန်ကြာမြင့်နေပြီ ဖြစ်ပြီးထိုသို့ ဝိုင်ဖိုင် အင်တာနက်လိုင်းများ ပြတ်တောက်ခြင်းကြောင့် လိုင်းဖြင့် ကျောင်းတက်၊ သင်တန်းတက်သူများ အခက်အခဲ ကြုံတွေ့ရကာ ဖုန်းဘေလ်ထည့်အင်တာနက် သုံးစွဲရသဖြင့်ကုန်ကျစရိတ် ပိုများကြောင်း သိရသည်။
“ MBT Wifi ပျက်နေတာ ၂ ပတ်ကျော်သွားပြီ။ လုံး၀ သုံးစားလို့မရတော့ဘူး။ လာလည်း မပြင်ပေးဘူး။ ဖုန်းဆက်ရင်လည်း ကောင်းကောင်း မဖြေပေးဘူး။ ငွေတော့ လာကောက်တယ်။ We Link ကလည်း ရပ်စောက် ဘက် စစ်ဖြစ်နေလို့ လိုင်းပျက်နေတယ်လို့တော့ ပြောပါတယ်။ သူလဲ ချိတ်တော့ ချိတ်ပေမယ့် လိုင်းမကောင်းဘူး။ Access မဖြစ်ဘူး။ လိုင်းရတယ် ဆိုရုံလေးပဲ၊ vpn တွေနဲ့ ချိတ်ပြီး သုံးလို့မရဘူး။ ဖုန်းဘေလ် နဲ့ ဝယ်ပြီး သုံးနေရပြန်တယ်။ ပိုက်ဆံ ပိုကုန်တာပေါ့။ အင်တာနက်လဲ မသုံးရဘဲ ဝိုင်ဖိုင် ကို လစဉ်ကြေး ပေးထားရသလိုပဲ။ ကိုယ်က လိုင်းနဲ့ အလုပ်လုပ်နေရတော့ ပိုဆိုးတယ်။ ”ဟု တောင်ကြီးမြို့ခံ တစ်ဦးက ပြောသည်။
ထို့ပြင် တယ်လီဖုန်းလိုင်းများလည်း ကောင်း ကောင်း ဆက်သွယ်၍မရဘဲအသံပြတ်တောက်မှု ရှိလာကြောင်း ဒေသခံများထံမှ သိရသည်။
တောင်ကြီးမြို့ခံ တစ်ဦးက လည်း“ အခုက ဖုန်းလိုင်းတွေလည်း မကောင်းဘူး။ အရင်က atom ဖုန်းလိုင်း သိပ်မကောင်းဘူး။ လိုင်းတွေ လည်း သိပ်မကြည်ဘူး။ ဘာတွေ ပြောနေလဲ သဲသဲ ကွဲကွဲ မကြားရဘူး။ အင်တာနက်လိုင်းတွေလဲ MPT တောင် မှ တခါတလေ လိုင်းပျောက်သွားတယ် တိုင်ပျောက်သွားတာတွေ ဖြစ်တတ်တယ်။ ”ဟု ပြောသည်။
ထို့ပြင် လျှပ်စစ်မီး ပြတ်တောက်ချိန်လည်း ပိုမို များလာပြီး တစ်ရက်လျှင် ၂ နာရီမှ ၄ နာရီ အထိ လျှပ်စစ်မီး ပေးနိုင်ခြင်း ရှိကြောင်း သိရသည်။
ရှမ်းပြည်နယ်တောင်ပိုင်းရှိ မြို့နယ်များတွင် လျှပ်စစ်မီး ပြတ်တောက်ချိန် ပိုများလာနေသဖြင့် ဒေသခံ ပြည်သူလူထု ဝေဖန်မှု ရှိနေ ကြောင်း သိရသည်။
#PPV-006
#wifi
#Taunggyi
#ဖုန်းလိုင်း
#အင်တာနက်လိုင်း
#social
VPNအခက်အခဲကြောင့်သတင်းများကို Facebook မှာ ကြည့်ရှုရန် အဆင်မပြေပါက The people’s voice – ခမ်းသားငေါဝ်း ရဲ့ YouTube Channel ကို subscribe လုပ်ထားရုံ၊ Telegram join ထားရုံ၊Tiktok like ထားရုံနဲ့ သတင်းတွေကို အချိန်နဲ့တပြေးညီ ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။