ခမ်းသားငေါဝ်း
ဒီဇင်ဘာ ၁၆၊ ၂၀၂၄
အမျိုးသမီးများအပေါ် ကိုယ်ထိ လက်ရောက် အကြမ်းဖက် လုပ်ရပ်များ ကျူးလွန်သူအား တရားဥပဒေပြစ်ဒဏ်နှင့် လူမှုရေးပြစ်ဒဏ်ပေးပြီး အကြမ်းဖက်မှု လုပ်ရပ်ကိုဆန့်ကျင်ရှုတ်ချကြောင်း ကရင်နီအမျိုးသားများ ကာကွယ်ရေး တပ်အမှတ်(၈) ဗျူဟာ (KNDF)မှ ယနေ့တွင် ထုတ်ပြန်ထားသည်။
ဖြစ်စဉ်မှာ ဒီဇင်ဘာ(၁၄)ရက် ည(၉)နာရီအချိန်မှာ မြေလတ်အသံ သတင်းဌာန၏ စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်မှ အမျိုးသမီး သတင်းထောက် မငြိမ်းချမ်းစုကြည်(ခ) ငြိမ်းချမ်းမေနှင့် သူမ၏ Partner (ပါသနာ)ဖြစ်သူ Transgender အမျိုးသမီးသော်သော်တို့အား ဝင်းကျော်ဆိုသည့် အမျိုးသားမှ ကိုယ်ထိလက်ရောက် တိုက်ခိုက် စော်ကားမှု ပြုလုပ်ခဲ့သည်။
အခင်းဖြစ်ပွားချိန် မငြိမ်းချမ်းမေသည် အင်တာနက်ဆိုင်အတွင်း အင်တာနက် အသုံးပြုကာ အလုပ်လုပ်ကိုင်နေသည့်အချိန်တွင် ထိုအမျိုးသားက သူမ၏ပုဂ္ဂုလ်ရေးရာအပြင် သတင်းထောက်အလုပ်နှင့် အလုပ်လုပ်ကိုင်နေသည့် သတင်းဌာနကိုပါ စော်ကားပြောဆိုမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ထို့အပြင် သော်သော်(Transgender) အမျိုးသမီးကို ဝင်းကျော်ဆိုသူမှ နှုတ်အားဖြင့် စော်ကားပြောဆိုပြီးနောက် မျက်နှာကိုကိုယ်ထိလက်ရောက် ထိုးနှက်မှု ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဝင်းကျော်ဆိုသူသည် လက်နက်ကိုင်တော်လှန်ရေးအစတွင် ကရင်နီနယ်ဖက်ကို ရောက်သွားပြီး ကရင်နီက တပ်ရင်း/တပ်ဖွဲ့အချို့၏ ဘဏ္ဌာန်ငွေ သိန်းရာချီကို လိမ်လည်ပြီး အညာကို (၂၀၂၃)ခုနှစ်က ထွက်ပြေး တိမ်းရှောင်လာခဲ့သူ ဖြစ်ကြောင်း ကျူးလွန်ခံရသူ၏ လူမှုကွန်ရက် (Facebook)တွင် ဖော်ပြထားသည်။
အခင်းဖြစ်ပွားသည့် အချိန်တွင် အင်တာနက်ဆိုင်အတွင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေး ဌာန လက်အောက်ခံ ပြည်သူ့ကာကွယ်ရေး တပ်မတော် (PDF) တပ်ဖွဲ့ဝင်များနှင့် အရာရှိတချို့လည်း ရှိနေပြီး ဖြစ်စဉ်အပေါ် တစုံတရာ ကြားဝင် ဖြန်ဖြေတားမြစ်ခြင်း မရှိခဲ့ကြောင်း မြေလတ်အသံသတင်းဌာနမှ သိရသည်။
မြေလတ်သတင်းဌာနက အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ခံ (PDF)တပ်ရင်းနှင့် သက်ဆိုင်ရာ ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နှင့် ပြည်သူ့လုံခြုံရေးအဖွဲ့များကို ထိုသတင်းထောက် အမျိုးသမီး (၂)ဦး ကိုယ်ထိလက်ရောက် ကျူးလွန်ခံရခြင်းအား တရားမျှတမှု ရှိရှိဆောင်ရွက်ပေးထားရန် မေတ္တာရပ်ခံတိုက်တွန်းထားသည်။
လက်ရှိတွင် ထိုအမှုအတွက် မြို့နယ် ပလဖ ရုံးတွင် တိုင်ချက် ဖွင့်ထားပြီး ပုဒ်မ ၂၉၄ နှင့် ပုဒ်မ ၂၃၂ ဖြင့် အမှုဖွင့်ပေးမည်ကို သိရကြောင်း ကျူးလွန်းခံရသူက ဖော်ပြထားသည်။
“ကျတော်ရော၊ သော်သော်ရော ဒီလို အဓိပ္ပာယ်မရှိတဲ့ စော်ကားတိုက်ခိုက်ခံရတာကို မယုံနိုင်လောက်အောင် ဖြစ်ရပါတယ်။ ဒီကိစ္စကို သိသင့်သိထိုက်တဲ့သူတွေဆီ ရောက်အောင် ဆက်လုပ်သွားပါမယ်။ နိုင်ငံအတွက် အလုပ်လုပ်နေတဲ့ လူငယ်တွေကြားမှာ တန်ဖိုးမရှိ၊ ယုတ်ညံ့တဲ့လူတစ်ယောက်က ဘယ်သူ့အားကိုးနဲ့ လာပြီး လူတွင်ကျယ် လုပ်နေတာလဲတော့ ကျတော်တို့လည်း နားမလည်နိူင်သေးပါ။ ကျတော်တို့ကတော့ တရားမျှတမှု ရရှိသည်အထိ ဖြစ်သင့်တဲ့ နည်းလမ်းတွေနဲ့ ဆက်လက်လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်”ဟု ကျူးလွန်ခံရသူက ရေးသားထားသည်။
ထို လုပ်ရက်နှင့် ပတ်သက်ပြီး ကိုယ်ထိလက်ရောက် ကျူးလွန်မှုများအတွက် ထိုက်သင့်သော ပြစ်ဒဏ်ခံရစေရန်၊ ဝိုင်းဝန်းအသံထွက်ကာ တောင်းဆိုကြရန် ကရင်နီ အမျိုးသားများ ကာကွယ်ရေး အမှတ်(၈)ဗျူဟာမှ တိုက်တွန်း တောင်းဆိုထားသည်။
PPV0011
#လူ့အခွင့်အရေး
#အမျိုးသမီးအရေး
#အမျိုးသမီးများအပေါ်အကြမ်းဖက်လုပ်ရပ်များ #တရားဥပဒေပြစ်ဒဏ်
#လူမှုရေးပြစ်ဒဏ်
#ကရင်နီအမျိုးသားများကာကွယ်ရေးတပ်
#KNDF
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။