ခမ်းသားငေါဝ်း
ဩဂုတ် ၄၊၂၀၂၃
စစ်တပ်အာဏာသိမ်းပြီး ၂၀၂၃ ဇူလိုင်လအထိ စစ်ကောင်စီတပ်က အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု (၁၄၄)မှု ကျူးလွန်ခဲ့ကြောင်း NUG အစိုးရ၏ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန ထုတ်ပြန်ချက်အရသိရသည်။
၂၀၂၁ ခုနှစ်တွင် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု(၁၁)ကြိမ်၊ ၂၀၂၂ခုနှစ်တွင် (၈၅)ကြိမ်နှင့် ၂၀၂၃ ခုနှစ် ဇူလိုင်လအထိ (၄၈)ကြိမ် ကျူးလွန်ခဲ့ကြောင်း ပါရှိသည်။
စစ်ကောင်စီတပ် နောက်ဆုံးကျူးလွန်ခဲ့သည့် ၂၀၂၃ခုနှစ်ဇူလိုင်လ (၂၁)ရက်နေ့ စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် စုန်းချောင်းကျေးရွာတွင် အသက်(၁၈)နှစ်အောက် (၄)ဦးနှင့် အပြစ်မဲ့ပြည်သူ(၁၄)ဦးကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့ကြောင်း ဖော်ပြထားသည်။
စစ်တပ်အာဏာသိမ်းမှုကို ပြည်သူများကဆက်လက်တွန်းလှန်တိုက်ခိုက်နေကြသဖြင့်အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများကို စစ်ကောင်စီက စနစ်တကျပြုလုပ်ပြီး ပိုမိုကျယ်ပြန့်စွာ အသုံးပြုလာကြောင်း ပါရှိခဲ့သည်။
လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန၏ ကောက်ယူရရှိထားသည့် စစ်ကောင်စီ၏ ချိုးဖောက်မှုများကို တရားမျှတမှု ပြန်လည်ရရှိစေရန် အစွမ်းကုန်ကြိုးပမ်းသွားမည်ဖြစ်ကြောင်း၊ တရားမျှတမှုကိုဖော်ဆောင်နိုင်ရန် ပြည်သူများအနေဖြင့် စစ်ကောင်စီ၏ လူ့အခွင့်အ‌ရေးချိုးဖောက်မှုများကို လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနသို့ ပေးပို့ကြပါရန် မေတ္တာရပ်ခံထားသည်။
စစ်ကောင်စီ၏ လူ့အခွင့်အရေးချိုးဖောက်မှုများအတွက် လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ပြစ်ဒဏ်ကင်းလွတ်ခွင့်ရနေသည့် အလေ့အထကို ဖျက်သိမ်းပြီး ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရာ၌ အသွင်ကူးပြောင်းရေးဆိုင်ရာတရားမျှတမှုကို ဖော်ဆောင်နိုင်ရန်အတွက် လူ့အခွင့်အရေးချိုးဖောက်မှုမှတ်များတမ်းတင်ခြင်း၊ တရားမျှတမှုရှာဖွေခြင်းလုပ်ငန်းများ အစွမ်းကုန်ကြိုးပမ်း ဆောင်ရွက်နေကြောင်း လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ထုတ်ပြန်ထားပါသည်။

You missed