ခမ်းသားငေါဝ်း
ဩဂုတ် ၄၊၂၀၂၃
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်းတယမြို့နယ်၊ရွာငံမြို့နယ် နှင့် အောင်ပန်းမြို့နယ်တကြောရှိ ကော်ဖီထုပ် စိုက်ပျိုးတောင်သူများသည် ဂေါ်ဖီထုပ် ဈေးနှုန်းအဆမတန်ကျဆင်းသဖြင့် တောင်သူများ အခက်အခဲကြုံ တွေ့နေရကြောင်း သတင်းရရှိပါသည်။
တောင်သူများအနေဖြင့် ဂေါ်ဖီထုပ် စစိုက်ပျိုးချိန်တွင် အသုံးပြုရသည့် အရင်းအနှီးများ၊ လုပ်အားခများသည် အစစအရာအရာဈေးနှုန်းမြင့်မားပြီး အရင်းစိုက်လုပ်လာသော်လည်း ဂေါ်ဖီထုပ် ရောင်းရချိန်တွင် ဈေး‌ကောင်းမရရှိသည့်အပြင် ဝယ်ယူသူပင်မရှိ၍ အခက်အခဲဖြစ်ရကြောင်း ကော်ဖီထုပ် စိုက်ပျိုးတောင်သူထံမှ သိရသည်။
“စစိုက်ကတည်းက ကျွန်တော် ဒီလောက်စိုက်ရင် ဒီလောက်တော့ အဆင်ပြေပြေနဲ့ ရမှာပဲ ဆိုတဲ့မျှော်လင့်ချက်တွေထားပြီးမှ စိုက်ပျိုးခဲ့တာ အခု တော့ သဲထဲရေသွန်ဖြစ်ကုန်ပြီဗျာ”ဟု တောင်သူတစ်ဦးမှ ပြောသည်။
ယခင်နှစ်များတွင် ဂေါ်ဖီ‌ထုပ်ဈေးသည် တစ်ထုပ်လျှင် ၄၀၀ ကျပ်၊ ၅၀၀ ကျပ် ၆၀၀ ကျပ် ဈေးရှိခဲ့ပြီး ယခုနှစ်တွင် ဂေါ်ဖီထုပ် တစ်ထုပ်လျှင် – ၂၀၀ ကျပ်ရှိသာရှိသဖြင့် ဈေးနှုန်းကျဆင်းနေကြောင့် သိရှိရပါသည်။
“အခုနှစ်က ဂေါ်ဖီတစ်ထုပ်ကို ၂၀၀ ကျပ်နဲ့တောင် ယူမယ့်ပွဲစားက မရှိဘူး။ အခုလည်းဈေးကောင်းရမလားလို့ ရောင်းဖို့စောင့်ရင်းနဲ့ ဂေါ်ဖီထုပ် အပင်အောက်ခြေတွေပုတ်ကုန်ပြီး ” ဟု တောင်သူတစ်ဦးက ပြောသည်။
ပွေးလှကျေးရွာ တောင်သူတစ်ဦးကလည်း “ ကျွန်တော်တို့ စိုက်ပျိုးချိန်ဆို နွားချီးလည်း‌ ဈေးတက်တယ်၊ မြေသြဇာ အာမို ဆိုလည်း ဈေးကြီးတယ် အခုရောင်းရမယ့်အချိန်ကျတော့ ဈေးကောင်းမရတော့ ကျွန်တော်တို့အတွက် အရှုံးပဲရှိမှာပေါ့” ဟု ခမ်းသားငေါဝ်းကို ပြောသည်။
ဒေသအခြေအနေမတည်ငြိမ်ခြင်း၊ ပွဲစားများ ဈေးနိမ့်ခြင်း၊ ကျပ်ငွေတန်ဖိုးကျဆင်းခြင်း နှင့် ပြင်ပသို့ မတင်ပို့နိုင်ခြင်းကြောင့် ဂေါ်ဖီထုပ်စျေးနှုန်းအဆမတန်ကျဆင်းခြင်းဖြစ်ကြောင်း တောင်သူများက သုံးသပ်ပြောဆိုကြသည်။
“ကုန်ပစ္စည်းတစ်ခုအပေါ် တည်ငြိမ်တဲ့ဈေးနှုန်း၊ သတ်မှတ်တဲ့ ဈေးတန်းတစ်ခုတော့ ရှိ‌စေချင်မိတယ်၊ စိုက်ရင်းရှုံးတာများလာရင် နောက်တစ်နှစ်ပြန်ထနိုင်ဖို့က မလွယ်ဘူး။ စားသုံးသူတွေဆီကိုလည်း သင့်တင့်တဲ့ဈေးနဲ့ပဲရောက်စေချင်တယ်” ဟု ဂေါ်ဖီထုပ် စိုက်ပျိုးတောင်သူက ပြောသည်။
အာဏာသိမ်းပြီး နောက်ပိုင်း ဝယ်သုံးရသည့် ကုန်ပစ္စည်းများ၊ စိုက်ပျိုးရေးဆေး၊ မြေသြဇာများ ဈေးနှုန်းမြှင့်မားနေပြီး စိုက်ပျိုးရေးမှ ထွက်ကုန်များ ကုန်စိမ်းများ ရောင်းရချိန်တွင် ဈေးကောင်းမရသည့်အခြေအနေနှင့်ကြုံတွေ့ရပါက အခက်အခဲများ ကြုံ တွေ့ရခြင်း ဖြစ်သည်။
ဂေါ်ဖီထုပ်ကို ရှမ်းပြည်နယ်တောင်ပိုင်း အောင်ပန်း၊ ပင်းတယ၊ ရွာငံဒေသမှ အများဆုံးစိုက်ပျိုးကြကြောင်း သိရှိရပါသည်။