ခမ်းသားငေါဝ်း
ဒီဇင်ဘာ ၇၊၂၀၂၄
စားသောက်ကုန်နှင့် အထွေထွေ ကုန်စျေးနှုန်းမြင့်တက်ခြင်းကြောင့် ရပ်ကွက်တွင်းရှိ တန်ဖိုးသင့် ဟင်းဆိုင်များသည် အခြေခံလူတန်းစားများ အားကိုးရာ ဖြစ်လာပြီး ရောင်းကောင်းလျက်ရှိကြောင်းသိရသည်။
တောင်ကြီးမြို့ရှိ ရပ်ကွက်များအတွင်း တန်ဖိုးနည်း ဟင်းအရောင်းဆိုင်များ ရောင်းအား ပိုတက်လာနေပြီး စားသုံးသူ များလာသဖြင့် ပိုမို တွင်ကျယ်စွာ လုပ်ကိုင်နေရပြီး တန်ဖိုးသင့် ဟင်းလျာဆိုင်များ သည် နေ့လုပ်နေ့စား ၊ အခြေခံလူတန်းစားများ အားကိုးရာ ဖြစ်လာနေကြောင်း စုံစမ်းသိရသည်။
“ အသီးအရွက် ဟင်း အရံ ၊ ပဲပုပ်ချက်ဆိုရင် ၅၀၀ ကျပ်ဖိုးဝယ်လို့ရတယ်။ စျေးမှာဝယ်ရင်လည်း ငါးရာဖိုး ဒီလောက်ပဲလေ။ ချက်ရမှာနဲ့ ဆိုတော့အလုပ်ရှုပ်တယ်။ ဝယ်စားသမား များလာတယ်။ အိမ်မှာဆိုရင် လောင်စာဖိုး ၊ ဆီဖိုး ဆားဖိုး ၊ စားသောက်ပြီးရင်လည်း ပန်းကန်ဆေး ဆပ်ပြာကုန်တယ်။ ကုန်ကျစရိတ်တွေ အကုန် ပြန်တွက်လိုက်မယ် ဆိုရင် ဒီလို ဆိုင်လေးတွေမှာဝယ်စားလိုက်တာက အဆင်ပြေတယ်။ ”ဟု စားသုံးသူ တစ်ဦးက ပြော သည်။
နိုဝင်ဘာလ တတိယပတ်တွင် စားဖိုဆောင် သီးနှံများဖြစ်သော ခရမ်းချဉ်သီး၊ ကြက်သွန်နီ၊ ငရုတ် ၊ အာလူး စျေးနှုန်းများတို့သည် စံချိန်တင် မြင့်တက်နေကြပြီး၊ သီးနှံရှားပါးချိန် ကုန်စျေးနှုန်း အမြင့်ဆုံး ရောက်ရှိနေခြင်းဖြစ်ကြောင်း စျေးသည်များက ပြောကြသည်။
“ အန်တီတို့က သန့်သန့်ရှင်းရှင်း လုပ်ရောင်းတယ်။ လူတိုင်း စားနိုင်အောင်လို့ အမြတ်လည်း အများကြီး မတင်ထားဘူး။ လူတိုင်း ပါးစပ်နဲ့ တည့်အောင် အရသာ ကိုလည်း သင့်တင့် မျှတအောင် ချက်ထားတယ်။ ဟင်းတွေကို အစုံအလင် ချက်ထားရတာပေါ့။ အသားဟင်း တစ်ထောင်ဖိုး အနည်းဆုံး၊ အသီးအရွက် ဟင်းအရန် တွေကို ငါးရာဖိုး အနည်း ဆုံး ရောင်းချပေးတာပေါ့။ ”ဟု ရွှေတောင်ရပ်ကွက် ကြားလမ်းရှိ တန်ဖိုးသင့်ဟင်းလျာဆိုင်က ပြောသည်။
လက်ရှိ နိုဝင်ဘာလတွင် စားသောက်ဖွယ် ကုန်စျေးနှုန်းသည် မနက်စာဆိုလျှင် တိုဟူးနွေး ၁၅၀၀ ကျပ်မှ ၂၀၀၀ ကျပ် ၊ မုန့်ဟင်းခါး ၂၀၀၀ ကျပ် မှ ၃၀၀၀ ကျပ် ၊ နန်းကြီးသုတ် ၃၅၀၀ ကျပ် ၊ ပေါက်စီ ၁၈၀၀ ကျပ် ၊ လက်ဖက်ရည် ၁၀၀၀ ကျပ် ၊ ကြာကွေး တစ်ချောင်း ၆၀၀ ကျပ် အထိ စျေးနှုန်းများ ဖြစ်ပေါ်နေကြောင်း သိရသည်။
ထို့အပြင်နေ့လည်စာ ထမင်းတစ်နပ်စာသည် ဆိုင်တွင် ၁၅၀၀၀ ကျပ် အထိ ဖြစ်လာကြောင်း သိရသည်။
#PPV-006
#social
#Taunggyi
#ကုန်စျေးနှုန်း
#တန်ဖိုးသင့်ဆိုင်
VPNအခက်အခဲကြောင့်သတင်းများကို Facebook မှာ ကြည့်ရှုရန် အဆင်မပြေပါက The people’s voice – ခမ်းသားငေါဝ်း ရဲ့ YouTube Channel ကို subscribe လုပ်ထားရုံ၊ Telegram join ထားရုံ၊Tiktok like ထားရုံနဲ့ သတင်းတွေကို အချိန်နဲ့တပြေးညီ ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။