ခမ်းသားငေါဝ်း
ဒီဇင်ဘာ ၁၊ ၂၀၂၄
ကရင်ပြည်နယ် သာမညဒေသနှင့် (သုဝဏ္ဏခမ်း)သထုံဒေသတွင် နဝမအကြိမ် ပအိုဝ်းနှစ်သစ်ကူးကို ယနေ့တွင်ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ပအိုဝ်းနှစ်သစ်ကူးနေ့ကို သထုံပြည့်ရှင် သက္ကရာမင်းကြီး၏သားတော် သူရိယစန္တာမင်း သုဝဏ္ဏဘူမိသထုံပြည်တွင် စိုးစံစဉ်ကာလ ဂေါတမဗုဒ္ဓမြတ်စွာဘုရားရှင်အား ဖူးမျှော်လိုသည့် စိတ်ဆန္ဒကြောင့် မြတ်စွာဘုရားသထုံပြည်သို့ ကြွရောက်ပါရန် အဓိဌာန်ပြုပင့်လျှောက်ခဲ့ခြင်းကြောင့် မဟာသက္ကရာဇ် ၁၀၅ ခုနှစ်နတ်တော်လဆန်း ၁ ရက်နေ့ စနေနေ့တွင် ဗုဒ္ဓမြတ်စွာ သုဝဏ္ဏဘုံမိ သထုံပြည်သို့ကြွရောက်ခဲ့သည့်အတွက် ပအိုဝ်းလူကြီးများ၏ ပအိုဝ်းဘာသာနှင့်(ဒဲန်စေင်လာထင်ႏတနီꩻ တဆီနီလာတနေင်ႏဗွေတထိန်ႏ) တစ်နှစ်ကုန်ဆုံးတန်ဆောင်မုန်းဖြစ်ကာ နှစ်သစ်ကူးပြောင်းခြင်းအား နတ်တော်လဆန်း ၁ ရက်နေ့တွင် ကျင်းပပြုလုပ်ရခြင်းဖြစ်ပြီး နှစ်သစ်ကူးတွင် အလူအတန်းများပြုလုပ်ကြကြောင်း သိရသည်။
“ကျနော်တို့က ဗုဒ္ဓဘာသာဖြစ်တဲ့အတွက် ဗုဒ္ဓဘာသာရဲ့နည်းလမ်းအတိုင်း လုပ်သွားတာပေါ့နော် နိုင်ငံရေးလည်းမပါဘူး ဆွမ်းဆန်စိမ်းလောင်းလူကြတယ် ခုလိုနှစ်သစ်ကူးပွဲလုပ်တော့ ပအိုဝ်းဒေသခံတွေနဲ့ ပအိုဝ်းရဟန်းတော်တွေ တွေ့ဆုံခွင့်ရတယ် တစ်ရွာနဲ့တစ်ရွာတွေ့ဆုံခွင့်ရတယ် ပအိုဝ်းစကားပြောဆိုကြတယ် အခက်အခဲတော့အများကြီးရှိပေမယ့် ကျော်ဖြတ်နိုင်ခဲ့တယ်” ဟု ကရင်ပြည်နယ် ပအိုဝ်းနှစ်သစ်ကူး ဖြစ်မြောက်ရေး တာဝန်ရှိသူတစ်ဦးက ခမ်းသားငေါဝ်းကိုပြောသည်။
ပအိုဝ်းနှစ်သစ်ကူးနေ့တွင် စာအောင်ပအိုဝ်းသံဃာတော်များအား ဆုချပေးခြင်း၊ ဆွမ်းဆန်စိမ်းလောင်းလူခြင်းများ ပြုလုပ်ခဲ့ကြောင်း ၎င်းကဆက်ပြောသည်။
သုဝဏ္ဏဘုံမိ သထုံဒေသတွင်လည်း ပအိုဝ်းနှစ်သစ်ကူးနေ့တွင် မုန့်ဟင်းခါး၊ ထမင်းဝါ၊ စားသောက်ဖွယ်ရာများနှင့် ကျွေးမွေးခဲ့ကြောင်းသိရသည်။
သထုံဒေသရှိ ဒေသခံတစ်ဦးကလည်း “သထုံဒေသအတွင်း ပအိုဝ်းရွာတိုင်းနီးပါး ပအိုဝ်းနှစ်သစ်ကူး ကျင်းပကြတယ်” ဟု ခမ်းသားငေါဝ်းကိုပြောသည်။
ပအိုဝ်းနှစ်သစ်ကူးနေ့အား ၂၀၁၅ ခုနှစ် သထုံမြို့ သုဝဏ္ဏခန်းမတွင် ကျင်းပသည့် ပအိုဝ်းနီးနောဖလှယ်ပွဲ၌ ပအိုဝ်းဆရာတော်သံဃာတော်များနှင့် တကာတို့က ပအိုဝ်းနှစ်သစ်ကူးနေ့ သတ်မှတ်ရန်ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
နတ်တော်လဆန်း ၁ ရက်နေ့၌ ကရင်ပြည်နယ်နှင့် သထုံဒေသသည် အပူပိုင်းဒေသဖြစ်သော်လည်း ထိုဒေသရှိပအိုဝ်းတိုင်းရင်းသားများအနေနှင့် အနက်ရောင်ဖြစ်သည့် ပအိုဝ်းရိုးရာဝတ်စုံအား ပအိုဝ်းနှစ်သစ်ကူးနေ့တွင်လည်းကောင်း၊ ကထိန်လှည့်လည်ရာတွင်လည်းကောင်း၊ ပအိုဝ်းအမျိုးသားနေ့တွင်လည်းကောင်း အပူဒဏ်ကိုအန်တုကာ ဝတ်ဆင်ကြပြီးအမျိုးသားဂုဏ်အားမြှင့်တင်နေကြကြောင်း သိရသည်။
PPV001
ဓာတ်ပုံ-အွန်လိုင်း
#လူ့အခွင့်အရေး
#ကရင်ပြည်နယ်
#သာမညဒေသ
#သုဝဏ္ဏခမ်း
#သထုံဒေသ
#နဝမအကြိမ်
#ပအိုဝ်းနှစ်သစ်ကူး
#မြတ်စွာဘုရား
#သထုံပြည်သို့
#အဓိဌာန်ပြုပင့်လျှောက်
#နတ်တော်လဆန်း၁ရက်နေ့
#သုဝဏ္ဏဘုံမိ
#သထုံပြည်
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။