ခမ်းသားငေါဝ်း
နိုဝင်ဘာ ၂၉၊ ၂၀၂၄
ရှမ်းပြည်နယ် တောင်ပိုင်း ဖယ်ခုံမြို့နယ်ရှိ ကုန်းပေါကျေးရွာတွင် စစ်ကောင်စီလက်နက် ကြီးပစ်ခတ်နေ၍ ဒေသခံပြည်သူ စစ်ရှောင်နေရပြီး စားဝတ်နေရေးအခက်ခဲကြုံတွေ့နေရ ကြောင်း သိရသည်။
စစ်ကောင်စီက နိုဝင်ဘာ(၂၇)ရက်နေ့ကစပြီး ဖယ်ခုံ ကုန်းပေါရွာကို လက်နက်ကြီးဖြင့် ဆက်တိုက် ပစ်ခတ်နေပြီး အသက်မပြည့်သေးသည့် ကလေးငယ် အပါအဝင် ဒေသခံပြည်သူ (၆)ဦးထက်မနည်း သေဆုံးကာ လက်ရှိ ဒဏ်ရာရနေသူများအပါ ဒေသခံများ စစ်ရှောင်နေရကြောင်း ဒေသခံတစ်ဦးထံမှ သိရသည်။
“အရင် တစ်ခေါက်လည်း ရှောင်ရပြီးပြီး။ အခုလည်း မဖြစ်မနေရှောင်ရတာမို့ ဆိုင်ကယ်၊ကားတွေ မရှိနဲ့ အရမ်းဒုက္ခရောက်နေကြတယ်။ ဆန် ရိက္ခာက တစ်ပတ်စာလောက်ပဲ ပါကြတယ်”ဟု ဒေသခံတစ်ဦးက ခမ်းသားငေါဝ်းကို ပြောသည်။
ကုန်းပေါရွာတွင် ဒေသခံတချို့ ရိတ်ပြီးသား စပါးများကိုနှမျောသောကြောင့် စစ်မရှောင်ပဲ ကျန်နေသေးသူရှိသေးကြောင်း သိရသည်။
စစ်ဘေးရှောင်များသည် လက်ရှိ နီးစပ်ရာလုံခြုံမည် ဟုထင်သည့် နေရာနှင့် ဖယ်ခုံ အရှေ့ဘက်ခြမ်းတွင် ရှောင်နေရကြောင်း သိရသည်။
ကရင်နီပြည်နယ်နှင့် ရှမ်းပြည်နယ်တောင်ပိုင်းတွင် လက်နက်ကြီးကြောင့် သေဆုံးသူနှင့် ထိခိုက်ဒဏ်ရာရသူများတွင် အမျိုးသမီး အများစုဖြစ်ပြီး (၂၀၂၄) ခုနှစ်အတွင်းမှာ သေဆုံးသူ အမျိုးသမီး(၂၅)ဦးနှင့် ကလေး(၁၅)ဦး ရှိကြောင်း ကရင်နီပြည်နယ် ကြားကာလ အုပ်ချုပ်ရေးကောင်စီ (IEC)က နိုဝင်ဘာ(၂၅)ရက်မှာ ထုတ်ပြန်ထားသည်။
#PPV0011
#humantarian
#ဖယ်ခုံ
#ကုန်းပေါရွာ
VPNအခက်အခဲကြောင့်သတင်းများကို Facebook မှာ ကြည့်ရှုရန် အဆင်မပြေပါက The people’s voice – ခမ်းသားငေါဝ်း ရဲ့ YouTube Channel ကို subscribe လုပ်ထားရုံ၊ Telegram join ထားရုံ၊Tiktok like ထားရုံနဲ့ သတင်းတွေကို အချိန်နဲ့တပြေးညီ ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။