ခမ်းသားငေါဝ်း
နိုဝင်ဘာ ၂၆၊၂၀၂၄
ရှမ်းပြည်နယ် တောင်ပိုင်းတောင်ကြီး မြို့တွင် စစ်မှုထမ်းဥပဒေအရ မလိုက်နိုင်သူများ နှင့် အသက်(၄၀) ကျော် နေသူများပါ အိမ်တိုင်းစေ့ ပိုက်ဆံ ထည့်ရမည်ဟု ရပ်ကွက်တွင်းမှသိရသည်။
တောင်ကြီးမြို့ ကျောင်းကြီးစု ရပ်ကွက်တွင် တစ်အိမ်ထောင်လျှင် တစ်သောင်းကျပ် ကောက်ခံမည်ဟု ကြားသိရပြီး၊ အသက် ၄၀ ကျော်ပြီးသော နေအိမ်များလည်း ထည့်ဝင်ရမည် ဖြစ်ကြောင်း ပြောဆိုချက် အရသိရသည်။
‘ အိမ်တိုင်း တစ်သောင်းထည့်ရမယ် လို့ လာပြောနေတယ်။ ဘယ်လို ဆက်ဖြစ်မလဲ မသိဘူး။ အရင် တစ်ခေါက် ကတော့ အသက်ပြည့်တဲ့ နေအိမ်တွေကိုပဲ ပိုက်ဆံ ကောက်တာလေ။ မဲပေါက်တဲ့ လူငယ် တစ်ယောက် ကတော့ ငွေကျပ် ရှစ်သောင်း ထည့်လိုက်ရတယ်။ တချို့ လူငယ် ရှိတဲ့ မိဘတွေ ဆိုရင် ပိုက်ဆံ သိန်းနဲ့ ချီပြီး ပေးရတယ်။ ရပ်ကွက် ကနေ နယ်မြေ အလိုက် အဲဒီ စစ်မှုထမ်း ကိစ္စ ကို မဲနှိုက်ကြသေးတယ်လေ။ အဲဒီတုန်းက ကျွန်မ တို့ နယ်မြေ အတွက် လူအစားထိုး ၂ ယောက် ရှာပေးလိုက်တယ်။ ’ဟု ရပ်ကွက်နေ ပြည်သူတစ်ဦးက ပြောသည်။
ထို့ပြင် ယခု တတိယ တစ်ကြိမ်တွင် ငွေကြေး မလိုချင်ကြောင်း ၊ စစ်မှုထမ်းရန် လူကိုသာ လိုနေသဖြင့် လူဦးရေ ပြည့်မှီရန် ရှာဖွေပေးဖို့ လိုအပ်ကြောင်း ရပ်ကွက်လူကြီးနှင့် နီးစပ်သူများထံမှ သိရသည်။
ထို့အတွက်ကြောင့် လူငယ်ရှိသော နေအိမ်များသည် အိမ်ရှင် အိမ်ငှား မရွေး ငွေကြေးထည့်ဝင်ရမည် ၊ ယခု တစ်ကြိမ်တွင် အသက်ကျော်လွန်သော နေအိမ်များလည်း ငွေကြေးထည့်ဝင်ရမည်ဟု ပြောဆိုနေကြခြင်း ဖြစ်သည်။
ညောင်ဖြူစခန်း ရပ်ကွက်တွင် စစ်မှုထမ်း အပတ်စဉ် အတွက် ဆိုပြီး အိမ်ရှင် ငါးသောင်း၊ အိမ်ငှား နှစ်သောင်း ကျပ် ကောက်ခံနေကြောင်း သိရသည်။
အတည်မပြုနိုင်သော သတင်းများအရ ပေါ်တာ ဆွဲခြင်းများလည်း ကြုံတွေ့နေကြရပြီး၊ ရပ်ကွက်အလိုက် ပေါ်တာ ဆွဲခံရသူများ စာရင်းမှာ ၁၃၀ ဦးကျော် ရှိနိုင်ကြောင်း သတင်းများအရ သိရသည်။
ပေါ်တာ ဆွဲခံရသော လူတစ်ဝက်ခန့်သည် ဆေးသ မားများဖြစ်ကာ လူငယ်များလည်း ပါဝင်ကြောင်း ၊ အစစ်အဆေး မေးမြန်းခြင်း မရှိဘဲ ခေါ်တင်သွားခြင်း ရှိနေကြောင်း ဖော်ပြထားသည်။
တောင်ကြီးမြို့တွင် ယခုရက်ပိုင်းအတွင်း ညဘက် (၇) နာရီ အချိန်မှ စ၍ နိဗ္ဗာန်လမ်းဆုံ၊ ဝါးပြားလမ်းဆုံ ၊ စျေးမီးပွိုင့် လဒကုန်း တို့တွင် အစစ်အဆေး ကြမ်းနေကြောင်း သိရသည်။
အဆိုပါ သတ်မှတ်နေရာများတွင် အဖွဲ့စုံတို့ဖြင့် မော်တော်ကားများကို စစ်ဆေးနေခြင်း ဖြစ်ကာ ၊ လွန်ခဲ့ရက် ညပိုင်း (၈) နာရီ အချိန် မြို့မစျေး လဒကုန်း တွင် မော်တော်ကား တစ်စီးကို မီးနီ မဖြတ်ရဘဲ မီးပွိုင့် ဖြတ်မောင်းသည်ဟု ဆိုကာ မော်တော်ယာဉ်ထိန်းမှ ဒဏ်ငွေ ငါးသောင်း တောင်းကြောင်း၊ မပေးနိုင်လျှင် လိုင်စင်သိမ်းထားမည် ဆိုကာ တောင်းနေသဖြင့် နှစ်သောင်းကျပ် ပေးခဲ့ရကြောင်း သိရသည်။
ပုံစာ တောင်ကြီး ညတွင်း
#PPV-006
#Humanright
#Taunggyi
#စစ်မှုထမ်း
#ပေါ်တာဆွဲ
VPNအခက်အခဲကြောင့်သတင်းများကို Facebook မှာ ကြည့်ရှုရန် အဆင်မပြေပါက The people’s voice – ခမ်းသားငေါဝ်း ရဲ့ YouTube Channel ကို subscribe လုပ်ထားရုံ၊ Telegram join ထားရုံ၊Tiktok like ထားရုံနဲ့ သတင်းတွေကို အချိန်နဲ့တပြေးညီ ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။