ခမ်းသားငေါဝ်း
နိုဝင်ဘာ ၂၂၊ ၂၀၂၄

SSPP/SSA တပ်ဖွဲ့မှ ရွာသားများကို နှစ်ကုန်ပြီး နှစ်သစ်ရောက်လျှင် တစ်အိမ် တစ်ယောက် မဖြစ်မနေ စစ်သားလုပ်ရမည်ဟု ပြောကြားချက်ကြောင့် အခြားဒေသသို့ အလုပ်သွားရောက်လုပ်ကိုင်သည့်ကျေးသီး ဒေသခံများ နေရပ်မပြန်ရဲကြကြောင်း နိုဝင်ဘာ(၂၂)ရက်တွင် စုံစမ်းသိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကျေးသီးမြို့နယ်ကျေးရွာ များရှိ ဒေသခံအများစုသည် ရှမ်းပြည်နယ် အရှေ့ပိုင်း “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ တရုတ်ပြည်နှင့် ထိုင်းတွင် အလုပ်လုပ်ကိုင်ကြပြီး SSPP/SSAမှ (၂၀၂၄)ခုနှစ်ထဲမှာ လာရောက်စည်းရုံးရေး လုပ်သည့်အချိန်က နှစ်ကုန်လျှင် မဖြစ်မနေ စစ်သားလုပ်ရမည်ဆိုသည့် ပြောကြားချက်ကြောင့် အလုပ်အ ကိုင်အဆင်မပြေသော်လည်း နေရပ်မပြန်ရဲ ကြကြောင်း ဒေသခံထံမှ သိရသည်။

“လာစည်းရုံးတာက ဒီနှစ်ထဲမှာပဲ လအတိအကျ‌ တော့ မမှတ်မိတော့ဘူး။ စစ်တပ်ဘက်ကရော၊ SSPP ဘက်ကရော စစ်မှုထမ်းရမယ် ဆိုတော့ ကြားထဲက ငါတို့က ရူးချင်နေပြီ။ ပြန်ချင်တယ်အိမ်ကို ပြန်သွားပြီးရင် ပြန်လာလို့မရတော့မှာ‌ကို စိတ်ပူကြတယ်။ အဲ့လိုမျိုးဆိုတော့ ဒီမှာပဲ အောင့်အီးပြီး နေ‌တော့မယ်။ ပြန်ရင် အိမ်မှာ စားစရာက အဆင်မပြေတဲ့အပြင် စစ်မှုပါထမ်းရရင် ပိုပြီး ဒုက္ခရောက်တယ်။ ဒီမှာနေရင်း အိမ်ကိုနည်းနည်းပါးပါးပို့နိုင်တာက ပိုကောင်းသေးတယ်” ဟု ‌”ဝ”ပြည်ဘက် အလုပ်လုပ်ကိုင်နေသည့် ဒေသခံတစ်ဦးက ခမ်းသားငေါဝ်းကို ပြောသည်။

ကျေးသီးမြို့နယ်ထဲရှိ ကျေးရွာများတွင် ပြီးခဲ့သည့် ဩဂုတ်လနှင့်စက်တင်ဘာလ တွင် မြေယာပိုင်ဆိုင်မှုဧကစာရင်း၊ ကျွဲ၊နွား၊စက်ပစ္စည်း၊ ပိုင်ဆိုင်မှုစသည့် အချက်အလက်များကို SSPP/SSA ထံ စာရင်းပေးရကြောင်း သိရသည်။

“ကြည့်ရတာ အခွန်ဆောင်ဖို့ ကိစ္စလားမသိဘူး။ အဲ့လိုစာရင်းပေးရတယ်။ ‌သူတို့ပြောတာတော့ လိုအပ်တဲ့ဟာကို ကူညီပေးနိုင်ဖို့အတွက်လို့ ပြောတယ်”ဟု နောက်ထပ်ဒေသခံတစ်ဦးက‌ ပြောသည်။

SSPP/SSAတပ်ဖွဲ့သည် ယခုနှစ်ထဲမှာလည်း ကျေးသီးမြို့နယ် ကျေးရွာများရှိ ဒေသခံများကို ကင်းစောင့်ခိုင်းခြင်း၊ လမ်းပြခိုင်းခြင်းစသည်တို့ ပြုလုပ်နေကြောင်း သိရသည်။

photo sspp

#PPV0011
#Humanright
#တပ်သားသစ်
#ကျေးသီး
#SSPP

VPNအခက်အခဲကြောင့်သတင်းများကို Facebook မှာ ကြည့်ရှုရန် အဆင်မပြေပါက The people’s voice – ခမ်းသားငေါဝ်း ရဲ့ YouTube Channel ကို subscribe လုပ်ထားရုံ၊ Telegram join ထားရုံ၊Tiktok like ထားရုံနဲ့ သတင်းတွေကို အချိန်နဲ့တပြေးညီ ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

You missed