ခမ်းသားငေါဝ်း
နိုဝင်ဘာ ၂၁၊ ၂၀၂၄
စစ်ကောင်စီ စတင် အာဏာသိမ်းသည့် (၂၀၂၁)ခုနှစ် ဖေဖော်ဝါရီ(၁)ရက်နေ့မှ (၂၀၂၄)ခုနှစ် နိုဝင်ဘာလ (၂၀)ရက်အထိ စစ်ကောင်စီကြောင့် (၁၈)နှင့်အောက် ကလေး( ၆၇၁) သေဆုံးခဲ့ပြီး ဖြစ်ကြောင်း (AAPP)မှ ထုတ်ပြန်ထားသည်။
စစ်တပ်အာဏာသိမ်းပြီး နောက်ပိုင်း တစ်နှစ်ထက်တစ်နှစ် ကလေးသေဆုံးမှုဦးရေ မြင့်လာကြောင်း ဆိုထားသည်။
နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP) အနေဖြင့် သေဆုံးခဲ့သည့် ကလေးများကို အမည်နှင့်တကွ အတည်ပြုနိုင်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
(၂၀၂၁) ခုနှစ်မှာ ၁၈ နှစ်အောက် ကလေး (၁၀၁) ဦး သေဆုံးပြီး (၂၀၂၂) ခုနှစ်မှာ (၁၃၆) ဦးအထိ သေဆုံးခဲ့ကာ (၂၀၂၃) ခုနှစ်မှာ သေဆုံးသူ ကလေး (၂၀၈) ဦးနှင့် (၂၀၂၄) ခုနှစ် နိုဝင်ဘာလ(၂၀)ရက်အထိ သေဆုံးသူ ကလေး အရေအတွက် (၂၂၆) ဦး အထိ ရှိလာကြောင်းဆိုသည်။
ပြီးခဲ့သည့် နိုဝင်ဘာလ (၁၅) ရက်မှာလည်း စစ်ကောင်စီ လေကြောင်းဗုံးကျဲ တိုက်ခိုက်မှုကြောင့် ကချင်ပြည်နယ် မိုးမောက်မြို့နယ် ကုန်းလောရွာတွင် စစ်ဘေးဒုက္ခသည်(၉) ဦးသေဆုံးပြီး ထိုထဲတွင် ကလေး (၇)ဦး ပါဝင်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း လေကြောင်း တိုက်ခိုက်မှုကြောင့် ကလေးငယ်အခွင့်အရေး များစွာ နစ်နာ ဆုံးရှုံးခဲ့ပြီး ယခုချိန်ထိ စစ်ကြောင့် ထွက်ပြေး တိမ်းရှောင်နေရသည့် ကလေးငယ် များစွာရှိနေကြောင်း သိရသည်။
“ကျောင်းတက်ချင်ပေမဲ့ ကျောင်းမတက်ရတာတွေ၊ ဝတ်စရာ အဝတ်အစားကအစ ခက်ခဲတာတွေ၊ လေကြောင်းဗုံးကြောင့် တိမ်းရှောင်ရင်း ကျောင်းတက်ချင်လို့ ငိုယိုနေတဲ့ကလေးတွေ ခုထိအများကြီးပဲ၊ မျက်စိရှေ့မှာတင် ပြေးလွှားရင်း အသက်ဆုံးရှုံးခဲ့တဲ့ ကလေးတွေ ဒီအခက်ခဲတွေကို အမြန်ကျော်ဖြတ်ချင်ပါပြီ” ဟု စစ်ရှောင်ရင်း ကလေးအရေး ကူညီပေးသူတစ်ယောက်က ခမ်းသားငေါဝ်းကို ပြောသည်။
မြန်မာနိုင်ငံသည် Child Right Convention မှာ လက်မှတ်ရေးထိုးထားသည့် နိုင်ငံဖြစ်သော်လည်း လက်ရှိမှာ ကလေးငယ်များရှိသည့် စာသင်ကျောင်း ဒုက္ခသည်စခန်းများကို စစ်ကောင်စီမှ လေကြောင်း ဗုံးကျဲတိုက်ခိုက်မှုလုပ်နေခြင်းကြောင့် အသက်ဆုံးရှုံးသွားသည့် ကလေးငယ်များစွာ ရှိကြောင်း သိရသည်။
PPV0011
ဓာတ်ပုံ-အွန်လိုင်း
#လူ့အခွင့်အရေး
#နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း
#AAPP
#သေဆုံးခဲ့သည့်ကလေးများ
#စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း
#ကလေးသေဆုံးမှုဦးရေမြင့်လာ
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။