ခမ်းသားငေါဝ်း
နိုဝင်ဘာ ၇၊ ၂၀၂၄
ထိုင်းနိုင်ငံရောက်ပအိုဝ်းလူငယ်သမီးရည်းစားနှစ်ဦးသည် အလုပ်အဆင်မပြေ၍ စိတ်ဖိစီးမှုများပြီးမိမိကိုယ်ကို အဆုံးစီရင်မှုဖြစ်ပွားခဲ့ကြောင်း နိုဝင်ဘာလ (၇)ရက်နေ့က (နွောင်ꩻရာꩻကူႏညီႏရေꩻအစွိုꩻ)အဖွဲ့ ထံမှသိရသည်။
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ နဝမင်း(၆၃)တွင် နိုဝင်ဘာလ (၇)ရက်နေ့နံနက်၌ အသက်(၂၄)နှစ်အရွယ် ခွန်ဖြိုးလေးသည် သူ့ရည်းစားဖြစ်သူ အသက်(၁၈)နှစ်နန်းဗိုလ်ဗီးအား သတ်ပြီးမိမိကိုယ်ကိုလည်း အဆုံးစီရင်သွားကြောင်းသိရသည်။
“သူတို့နှစ်ယောက်က ဒီကိုမလာခင်ကတည်းက သမီးရည်းစားဖြစ်ကြတာ ဒီဘက်လာတာလည်းတစ်နှစ်တော့ကျော်ပြီ၊ ကောင်လေးကအလုပ်အဆင်မပြေမှုတွေ ခနခနဖြစ်တော့ ဒီရက်ရွာပြန်ဖို့လုပ်နေတာ၊ ပြီးတော့သူကအရက်လည်းမသောက်ဖူးဘူး ဒီရက်မှသောက်တာ ဘယ်လိုဖြစ်သွားတာလည်းတော့ ကျွန်တော်လည်းသေချာမသိဘူး ကြည့်ရတာတော့ ကောင်လေးက သူ့ကောင်မလေးကို ဝါယာကြိုးနဲ့လည်ပင်းညစ်သတ်ပြီး သူ့ကိုယ်သူလည်း အဆုံး စီရင်သွားတာထင်တယ်” ဟု (ထုဲင်ꩻခမ်းနွောင်ꩻရာꩻကူႏညီႏရေꩻအစွိုꩻ )တာဝန်ရှိသူခွန်အောင်ခမ်းက ခမ်းသားငေါဝ်းကို ပြောသည်။
ခွန်ဖြိုးလေးသည် ရှမ်းပြည်နယ်တောင်ပိုင်း၊ ရပ်စောက်မြို့နယ်၊ မြို့ဦးရွာကဖြစ်ပြီး နာင်းဗိုလ်ဗီးသည် ရှမ်းပြည်နယ်တောင်ပိုင်း၊ ရပ်စောက်မြို့နယ်၊ ပင်ဖြစ်ရွာ ရပ်ကွက်(၁)ကဖြစ်ကြောင်း ၎င်းကဆက်ပြောသည်။
နာင်းဗိုလ်ဗီးသည် လည်ပင်းကို ပလပ်ပေါက်မီးကြိုးဖြင့် ညစ်သတ်ထားသည့်ဒဏ်ရာဖြင့် သေဆုံးလျက် တွေ့ရှိရပြီး ခွန်ဖြိုးလေးသည် အိမ်သာထဲ၌ မိမိကိုယ်ကို ဆွဲကြိုးချသေဆုံးလျက် တွေ့ရှိရကြောင်း သိရသည်။
“ကျွန်တော့အနေနဲ့ဆိုရင် သူများနိုင်ငံရောက်နေကြတဲ့ ပအိုဝ်းလူငယ်တွေကိုသတိပေးချင်ပါတယ် ကျွန်တော်တို့ သူများနိုင်ငံလာတာဟာ ပိုက်ဆံရှာဖို့၊ စီးပွားရှာဖို့လာကြတာဖြစ်တယ် အဲ့တော့ မိန်းကလေး ရော ယောက်ျားလေးတွေရော တစ်ယောက်ကိုတစ်ယောက် အယုံမလွယ်ကြဖို့လည်းပြောချင်တယ် အခုလိုအဖြစ်ပျက်မျိုးမြင်တွေ့ရတာ စိတ်ထဲမကောင်းနေဘူး” ဟု၎င်းကဆက်ပြောသည်။
ပအိုဝ်းဒေသအတွင်းတွင် ရပ်ရွာလုံခြုံရေးအတွက်ဟုဆိုကာ PNOပြည်သူ့စစ်က လူငယ်များကိုအတင်းအဓမ္မခေါ်ဆောင်မှူများရှိသောကြောင့် လူငယ်များက ရရာနည်းလမ်းဖြင့် အိမ်နီးချင်းထိုင်းနိုင်ငံသို့အများအပြား ထွက်ပြေးခိုလှုံနေကြသည်။
ထို့အပြင် စစ်ကောင်စီ ကလည်း ပြည်သူ့စစ်မှုထမ်း အတင်းခေါ်နေခြင်းလည်း လူငယ်များပြည်ပသို့ထွက်ခွာပြီးအလုပ်လုပ်နေရပြီး အလုပ်အကိုင်အဆင်မပြေမှုများလည်း များစွာကြုံတွေ့နေရကြောင်း သိရသည်။
#PPV007
#မှုခင်း
#ရွေ့ပြောင်းလုပ်သား
#ထိုင်းနိုင်ငံ
#မိမိကိုယ်ကိုအဆုံးစီရင်
#သမီးရည်းစား
VPNအခက်အခဲကြောင့်သတင်းများကို Facebook မှာ ကြည့်ရှုရန် အဆင်မပြေပါက The people’s voice – ခမ်းသားငေါဝ်း ရဲ့ YouTube Channel ကို subscribe လုပ်ထားရုံ၊ Telegram join ထားရုံ၊Tiktok like ထားရုံနဲ့ သတင်းတွေကို အချိန်နဲ့တပြေးညီ ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။