ခမ်းသားငေါဝ်း
နိုဝင်ဘာ ၇၊ ၂၀၂၄
မော်တော်ယာဉ်များအားလုံး လာမည့်၂၀၂၅ခုနှစ် ဇန်နဝါရီလကစပြီး ယာဉ်စစ်ဆေးပြီးမှသာ ယာဉ်သက်တမ်းတိုးခြင်းအပါအဝင် ယာဉ်မှတ်ပုံတင်လုပ်ငန်းများ ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း သက်ဆိုင်ရာမှ ထုတ်ပြန်ထားသည်။
အများပြည်သူဆိုင်ရာ လမ်းများပေါ်တွင် အန္တရာယ် ကင်းစွာသွားလာနိုင်ရေးအတွက် ထိုသို့ လုပ်ငန်းစဉ် ဆောင်ရွက် ရခြင်း ဖြစ်ကြောင်းကိုလည်း ရှင်းပြထားသည်။
“ အခု ဆိုရင် အခိုင်အမာ အထောက်အထား လိုအပ်ပြီပေါ့။ ယာဉ်စစ်ဖို့အတွက် ကားလိုပြီ။ သက်တမ်းတိုး ယာဉ်မှတ်ပုံတင် လုပ်ငန်းဆောင်ရွက်ဖို့ ကားကို မောင်းသွားပြီး စစ်ခံရမယ်။ ချက်ဆီပြောင်းအင်ဂျင် ချိန်းတွေ ဆိုရင်ဒဏ်ကြေးနဲ့ပေါ့။ တချို့ကားတွေက အင်ဂျင် ကျသွားရင် အင်ဂျင်အသစ် ပြန်တင်လို့ရတယ်။ ဒဏ်ကြေးတော့ ဆောင်ရတာပေါ့။အတုလုပ်တာတွေ မရှိတော့ဘူးပေါ့နော်။ အစစ်အမှန် ရတာပေါ့။ ကားကို ပြရမယ် အစစ်ခံရမယ်။ စာအုပ်နဲ့ ကားနဲ့ တိုက်စစ်မယ်။ မှားရင် မှားတဲ့နေရာပေါ့။ ကောင်းတဲ့ ဘက်လို့ မြင်ပါတယ်။”ဟုလိုင်စင် မော်တော်ယာဉ်ပိုင်ရှင် တစ်ဦးက ပြောသည်။
ခုနောက်ပိုင်း ကားစျေးများ မြောက်လာပြီး အပွားလုပ်ခြင်းများရှိလာသလို လိုင်စင်ဘီး အမှန်အကန် ကို အိမ်က ဂိုထောင်ထဲတွင်ထားပြီး အလွတ်ဘီးကို လိုင်စင်ပွားပြီး နံပါတ်ပြား တပ်ပြီး စီးကြသူများရှိကြောင်း၊ လိုင်စင် အတု ၊ နံပါတ်ပြား အတု လုပ်ရောင်းခြင်းလည်းရှိကြောင်း ၎င်းကဆက်ပြောသည်။
ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနတွင် မှတ်ပုံတင်ထားသည့် မော်တော်ယာဉ်များအနက် Road Safety အရေးကြီးသည့် အများပြည်သူသယ်ယူပို့ဆောင်ရေး ခရီးသည်တင်ယာဉ်များ၊ ယာဉ်မှန်/မမှန်စစ်ဆေးခြင်း၊ ပြောင်းလဲခြင်းများအတွက် ယာဉ်စစ်ဆေးခြင်း၊ နယ်ဝင်ယာဉ်များကို စစ်ဆေးခြင်းတို့နှင့် အကျုံးဝင်သည့် ယာဉ်များ၊ Taxi အငှားယာဉ်များ၊ School Bus ယာဉ်များနှင့် (၂)တန်နှင့်အထက် အငှားယာဉ်များအား ယာဉ်စစ်ဆေး၍ သက်တမ်းတိုးဆောင်ရွက်ပေးလျက်ရှိကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။
ယခုအခါ ယာဉ်များ ကြံ့ခိုင်မှုကောင်းမွန်စေရေးနှင့် အများပြည်သူဆိုင်ရာ လမ်းများပေါ်တွင် အန္တရာယ် ကင်းစွာသွားလာနိုင်ရေးအတွက် မှတ်ပုံတင်မော်တော် ယာဉ်များအားလုံးကို ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၁ ရက်မှစ၍ ယာဉ်သက်တမ်းတိုးခြင်းအပါအဝင် ယာဉ်မှတ်ပုံတင်လုပ်ငန်းများအတွက် ယာဉ်စစ်ဆေးပြီးမှသာ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းစစ်ကောင်စီ၏ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနက အသိပေးထုတ်ပြန်ထားကြောင်း သိရသည်။
#PPV-006
#မော်တော်ယာဉ်
#လိုင်စင်
#သက်တမ်းတိုး
#social
VPNအခက်အခဲကြောင့်သတင်းများကို Facebook မှာ ကြည့်ရှုရန် အဆင်မပြေပါက The people’s voice – ခမ်းသားငေါဝ်း ရဲ့ YouTube Channel ကို subscribe လုပ်ထားရုံ၊ Telegram join ထားရုံ၊Tiktok like ထားရုံနဲ့ သတင်းတွေကို အချိန်နဲ့တပြေးညီ ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။