ခမ်းသားငေါဝ်း
နိုဝင်ဘာ ၅၊ ၂၀၂၄
ညောင်ရွှေမြို့နယ်၊ ဘန့်ပြင်ကျေးရွာအုပ်စုတွင် ရပ်ရွာလုံခြုံရေးအတွက်ဆိုကာ PNOပြည်သူ့စစ်တပ်သားသစ်စုဆောင်းခံရသူများသည် ရှေ့တန်းစစ်မြေပြင်တွင် ကျဆုံးမှုရှိနေကြောင်း နိုဝင်ဘာလ(၅)ရက်နေ့တွင် ဒေသခံတစ်ဦးထံမှသိရသည်။
ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ ဘန့်ပြင်ကျေးရွာအုပ်စု၊ လွယ်လုံကျေးရွာတွင် နိုဝင်ဘာလ(၁)ရက်နေ့မှစပြီး စစ်ကောင်စီ၊ PNOပြည်သူ့စစ်နှင့် တော်လှန်ရေးတပ်ဖွဲ့များ တိုက်ပွဲစတင်ဖြစ်ပွားခဲ့ပြီး တိုက်ပွဲထဲတွင် PNOပြည်သူ့စစ်က ရပ်ရွာလုံခြုံရေးအတွက်ခေါ်ဆောင်ခံရသူများ ကျဆုံးမှုများရှိနေသည်။
“သူတို့ကစစ်သားမဟုတ်ပါဘူး၊ အရင်ကရွာအတွက်ကာကွယ်ဖို့ဆိုပြီး PNO ကအခြေခံစစ်သင်တန်းခေါ်တက်တာ၊ နောက်ပိုင်းစစ်ဖြစ်တော့ သင်တန်းတက်ထားတဲ့လူတွေက တစ်ရွာနှစ်ယောက်စီ မဖြစ်မနေတပ်ထဲဝင်ရတာ ဟိုရက်က(နိုဝင်ဘာလ(၂)ရက်နေ့) တိုက်ပွဲပြီးခါနီး(၁၀)နာရီလောက်မှာ ဒရုန်းကဗုန်းလာကြဲတော့ သူတို့ကိုထိသွားတာ” ဟုဒေသခံအမျိုးသမီးတစ်ဦးက ခမ်းသားငေါဝ်းကိုပြောသည်။
ကျဆုံးသွားသည့်သူများသည် ထီးရီး၊ ထီပုံရွာသားခွန်ဇော်ဝမ်း၊ နောင်ကားရွာသားနှစ်ယောက်နှင့် တောင်ကြီးဘက်ကတစ်ယောက်ဖြစ်ကြောင်း ၎င်းကပြောသည်။
ခွန်ဇော်ဝမ်းနှင့်နီးစပ်သည့်သူတစ်ဦးက “သူ့အသက်က(၂၉)လောက်ပဲရှိမယ်ထင် သူနဲ့အတူ(၄)ယောက်ကျသွားတယ် နာမည်တွေတော့သေချာမသိဘူး၊ သူ့မှာမိန်းမနဲ့ကလေး(၃)ယောက်ကျန်ခဲ့တယ်၊ သမီးနှစ်ယောက်နဲ့ သားလေးတစ်ယောက် သူ့သားကမွေးတာတောင်မကြာသေးဘူး ကလေးကိုတွေကိုလည်းသနားမိတယ်” ဟု ခမ်းသားငေါဝ်းကိုပြောသည်။
PNOပြည်သူ့စစ်က အခြေခံစစ်သင်တန်းတက်ထားသူများကို တိုက်ပွဲဖြစ်ပွားရာနေရာသို့ အတင်းအဓမ္မရှေ့တန်းတက်ခိုင်းစေပြီး သင်တန်းတက်ပြီးလူငယ်အချို့သည်လည်း စစ်မတိုက်ချင်သောကြောင့် ထိုင်းနိုင်ငံသို့ ထွက်ပြေးသွားသူများလည်းရှိကြောင်းသိရသည်။
ဘန့်ပြင်ကျေးရွာအုပ်စု၊ လွယ်လုံ၊ စန့်စွဲရွာတွင် စစ်ကောင်စီ၊ PNOပြည်သူ့စစ်နှင့် တော်လှန်ရေးတပ်ဖွဲ့များ တိုက်ပွဲပြင်းထန်နေဆဲဖြစ်ပြီး ဒေသခံများသည်လည်း ဘေးလွတ်ရာသို့ စစ်ဘေးတိမ်းရှောင်နေရကြောင်း သိရသည်။
#PPV007
ဓာတ်ပုံ-CJ
#လူ့အခွင့်အရေး
#စစ်ရေး
#ညောင်ရွှေမြို့နယ်
#ဘန့်ပြင်ကျေးရွာအုပ်စု
#လွယ်လုံကျေးရွာ
#ရပ်ရွာလုံခြုံရေးအတွက်ခေါ်ဆောင်ခံရသူများ
#ကျဆုံးမှုများရှိနေ
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။