ခမ်းသားငေါဝ်း၊
နိုဝင်ဘာ ၃၊ ၂၀၂၄

မြန်မာနိုင်ငံတဝန်းရှိ သတင်းသမားများအပေါ် စစ်ကောင်စီက ကျုးလွန်နေသည့် ရာဇဝတ်မှုများအပါအဝင် လူ့အခွင့်အရေးချိုးဖောက်မှုများကို အပြစ်ကင်းလွတ်ခြင်းမျိုး မဖြစ်စေရေး၊ပြစ်ဒဏ်ကင်းလွတ်ခွင့် အဆုံးသတ်ရေးအတွက် ကြိုးပမ်းသွားမည်ဟု အပြည်ပြည်ဆိုင်ရာနေ့ နိုဝင်ဘာ ၂ ရက်နေ့တွင် NUG က ထုတ်ပြန်ထားသည်၊၊

သတင်းသမားများအပေါ် ကျုးလွန်နေသည့် ရာဇဝတ်မှုနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများကို အပြစ်ကင်းလွတ်ခြင်း မျိုးမဖြစ်စေရေး စနစ်တကျ မှတ်တမ်းတင်ခြင်း၊ ထုတ်ဖော်ပြသခြင်း ပြုလုပ်ရန် ပြည်တွင်းနှင့် နိုင်ငံတကာ လုပ်ဖော်ကိုင်ဖက်များနှင့် စဉ်ဆက်မပြတ် ထိရောက်စွာ လက်တွဲဆောင်ရွက်မည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ဆိုထားသည်။

သတင်းလွတ်လပ်ခွင့်သည် အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုအတွက် မရှိမဖြစ်လိုအပ်ပြီး တရားမျှတမှု၊ တာဝန်ခံမှုနှင့် လူ့အခွင့်အရေးတို့အတွက် တိုက်ပွဲဝင်နေသော ရုန်းကန်မှုတို့တွင် အဓိကျသော ဒေါက်တိုင်တစ်ခုအဖြစ် အသိအမှတ်ပြုကြောင်းဆိုသည်။

အကြမ်းဖက်စစ်တပ်ရဲ့ အကြမ်းဖက်ရန်ပြုတာ နှောင့်ယှက်စော်ကား ခြိမ်းခြောက်ခြင်းကြောင့် သတင်းသမားအလုပ်သည် အန္တရာယ်များနှင့် ပြည့်နှက်နေသည့် အလုပ်တစ်ခုအဖြစ် ရောက်ရှိနေကြောင်း ထုတ်ပြန်ချက်တွင် ဆိုထားသည်။

စစ်ကောင်စီ၏ အကြမ်းဖက်လုပ်ရပ်များနှင့် ဖိစီးနှိပ်စက်မှုများကို ရင်ဆိုင်နေရသော်လည်း မြေပြင်အမှန်တရားကို ဖော်ထုတ်ရန်နှင့် ပြည်သူတို့၏ သတင်းသိပိုင်ခွင့်၊ သတင်းလွတ်လပ်ခွင့်တိုကို ကာကွယ်ရန် ကြိုးပမ်းနေသည့် မြန်မာသတင်းသမားများကိုလည်း ဂုဏ်ပြုမှတ်တမ်းတင်ကြောင်းဆိုထားသည်။

NUG အနေဖြင့် သတင်းလွတ်လပ်ခွင့်ကို လေးစားအသိမှတ်ပြုသော သတင်းသမားများ၊ ကြောက်ရွံ့မှု ကင်းစွာဖြင့် အလုပ်လုပ်နိုင်သော လူ့အဖွဲ့အစည်းတစ်ခု ဖော်ဆောင်နိုင်ရေးကို အစဉ်အလေးထားကြောင်း ဆိုထားသည်။

ပြီးခဲ့သည့် ဩဂုတ် ၂၁ ရက်တွင် မွန်ပြည်နယ်မှ သတင်းသမားနှစ်ဦးဖြစ်သည့် ကိုထက်မြတ်သူနှင့် ကိုဝင်းထွဋ်ဦးတိုမှာ နေအိမ်အတွင်းရှိနေစဉ် စစ်ကောင်စီတပ်တပ်သားများ၏ ဝင်ရောက်ပစ်ခတ် သတ်ဖြတ်ခြင်းကို ခံခဲ့ရသည်။

သတင်းသမားများအပေါ် ကျူးလွန်နေသည့် ရာဇဝတ်မှုများအတွက် တာဝန်ခံမှုနှင့် တရားမျှတမှုတို့ရရှိရေး နိုင်ငံတကာ အသိုင်းအဝိုင်းအနေဖြင့် ပူးပေါင်းဆောင်ရွက်ကြရန် NUG က တောင်းဆိုထားသည်။

မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ်၊ အာဏာသိမ်းသည့်အချိန်မှစပြီး သတင်းသမား (၇) ဦး သတ်ဖြတ်ခံရကာ (၆၄) ဦး ဖမ်းဆီးထိန်းသိမ်းခံထားရကြောင်း အသက်အန္တရာယ် ခြိမ်းခြောက်ခံနေရကြောင်း နယ်စည်းမခြားသတင်းထောက်များ (RSF)၏ထုတ်ပြန်ချက်အရ သိရသည်။

အမေရိကန်နိုင်ငံ နယူးယောက်မြို့ အခြေစိုက်သတင်းသမားများ ကာကွယ်စောင့်ရှောက်ရေးကော်မတီ (CPJ) ၏ ၂၀၂၃ ခုနှစ် အောက်တိုဘာ ၃၀ ရက်နေ့ထုတ် အစီရင်ခံစာအရ မြန်မာနိုင်ငံသည် သတင်းသမားများကို ဖမ်းဆီးသတ်ဖြတ်နေသည့် ရာဇဝတ်မှုများမှ ကင်းလွတ်ခွင့်ရနေသည့် အဆိုးရွားဆုံးနိုင်ငံများထဲတွင် အဆင့် ၁၀ အထိ သတ်မှတ်ခံထားရကြောင်းသိရသည်။

PPV001
#လူ့အခွင့်အရေး
#မြန်မာနိုင်ငံတဝန်း
#သတင်းသမားများ
#ရာဇဝတ်မှုများ
#လူ့အခွင့်အရေးချိုးဖောက်မှုများ
#အပြစ်ကင်းလွတ်ခြင်း
#ပြစ်ဒဏ်ကင်းလွတ်ခွင့်
#အပြည်ပြည်ဆိုင်ရာနေ့
#NUG
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။

Leave a Reply

Your email address will not be published. Required fields are marked *