ခမ်းသားငေါဝ်း
ကျေးသီးမြို့နယ်ရှိ ရွာများတွင် ခရစ်ယာန် ဘာသာဝင်များ၏ ရိုးရာဓလေ့ ကောက်သစ်စားပွဲများကို အကျဥ်းချုံးကျင်းပကြ ကြောင်း နိုဝင်ဘာ (၁)ရက်နေ့တွင် စုံစမ်းသိရသည်။
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကျေးသီးမြို့နယ်၊ မိုင်းနောင်မြို့နယ်ခွဲရှိ ရွာတိုင်းလိုလိုတွင် တစ်နှစ်တစ်ခေါက် ကောက်သစ်စား ကျေးဇူးတော် ချီးမွမ်းပွဲကို အောက်တိုဘာလနှင့် နိုဝင်ဘာလထဲတွင် တစ်ရွာပြီး တစ်ရွာကျင်းပကြောင်း သိရသည်။
“ဒါက ခရစ်ယာန်ဘာသာဝင်ရဲ့ ဓလေ့တစ်ခုဖြစ်တယ်။ ခရစ်ယာန်ဘာသာဝင်မှ မဟုတ်ဘူး အခြားဘာသာဝင်များလည်း လာရောက်ပါဝင်လို့ရတယ်။ ဆုတောင်းပွဲပြီးရင် အသီးအနှံ အစားအသောက်ကို လက်ဆောင်ပေးတာမျိုး။ ကျွေးမွေး ဧည့်ခံတာမျိုး ရှိတယ်။ ခေတ်ကောင်းတုန်းကတော့ တစ်ညနဲ့ နောက်ရက်နေ့ တပိုင်းထိ စည်ကားစွာ ကျင်းပကြတယ်။ အခုကခေတ်အခြေအနေအရ အကျဥ်းချုံးပဲ ကျင်းပကြတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။
ကောက်သစ်စားပွဲ ကျင်းပခြင်း၏ ရည်ရွယ်ချက်သည် တစ်နှစ်ပတ်လုံး စိုက်ပျိုးထားသည့် ကောက်ပဲသီး နှံများ အဦးအဖျားကို စားသောက်ရခြင်းကြောင့် ဘုရားသခင်ကို ကျေးဇူးတင်သည့် အနေဖြင့် ရွာဘုရားကျောင်းထဲသို့ အသီးအနှံများ စုပေါင်းယူဆောင်လာကြကာ အတူတကွ ဆုတောင်းကြခြင်း ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။
ကောက်သစ်စားပွဲတွင် အခြားဒေသခံ၊ နယ်ခံများကို ဖိတ်ကြားကာ ဆုတောင်းခြင်း၊ သီချင်းများ၊ ကွာယာများ သီဆို ချီးမွမ်းခြင်း၊ လာရောက်ကြသော ဧည့်သည်တော်များ အားလုံးကို ရွာခံများက ဧည့်ခံကျွေးမွေးခြင်း စသည့် အစီအစဉ်များရှိကြောင်း သိရသည်။
ကောက်သစ်စားပွဲသည် ခရစ်ယာန်ဘာသာဝင်များ၏ တန်ဖိုးထားသော ပွဲတော်တစ်ခုဖြစ်ပြီး နှစ်စဉ်နှစ်တိုင်း တစ်နှစ်တစ်ခေါက် အောက်တို ဘာလနှင့် နိုဝင်ဘာလထဲတွင် ကျင်းပကြကြောင်း သိရသည်။
#PPV0011
#ကောက်သီးစားပွဲ
#ကျေးသီး
#မိုင်းနောင်
#ရိုးရာဓလေ့