ခမ်းသားငေါဝ်း
အောက်တိုဘာ ၂၉၊ ၂၀၂၄

တောင်ကြီးတန်ဆောင်တိုင်ပွဲတော်ကာလမတိုင်ခင်တောင်ကြီးမြို့နယ်တွင် လိုင်စင်မဲ့ မော်တော်ယာဉ်များကို စီမံချက်ဖြင့် ဖမ်းဆီးမည် ဟု သတင်းများ ထွက်ပေါ်နေကြောင်း မြို့ခံများ ထံမှ ကြားသိရသည်။

အောက်တိုဘာ လကုန်ပိုင်းမှ စတင်၍ လိုင်စင်မဲ့ မော်တော်ယာဉ်များကို အဖွဲ့စုံဖြင့် စစ်ဆေးဖမ်းဆီးသွားမည် ဖြစ်ကာ ၊ ယခင်လို ငွေကြေးပေး၍ ပြန်လည် ရွေးယူ၍ မရနိုင်တော့ကြောင်း နီးစပ်သူ တချို့က အသိပေးထားသည်ဟုစုံစမ်းသိရှိရ သည်။

“အခုက ၁၆ ထပ် တိုက်နားမှာ ဆိုင်ကယ်တွေကိုတော့ ဖမ်းပြီး ခေါ်သွားတာ တွေ့ရတယ်။ ဆရာမ တစ်ယောက် ကလဲ လိုင်စင်မဲ့ ယာဉ်ဖမ်းခံရတယ် ဆိုတဲ့ အသံကြားလိုက်တာပဲ အတိအကျတော့ မသိရဘူး။ အခုက တကယ်ဖမ်းတော့မယ်လဲ ပြောနေတယ်။ တောင်ကြီးမှာ ညဘက်ရော နေ့ဘက်ရော အစစ်အဆေး များနေတာကြာနေပြီ။”ဟု မြို့ခံတစ်ဦးကပြောသည်။

ညဘက်တွင်လည်း သီတင်းကျွတ် လပြည့်နောက်ပိုင်း မြို့ထဲက အဖွဲ့စုံဖြင့်စစ်နေပြီး ဖမ်းမိလျှင် ငါးသောင်း တစ်သိန်းပေး၍ မရတော့ကြောင်း သိရသည်။

ထိုသို့ဖြစ်ရခြင်းသည် မော်တော်ယာဉ် များလာခြင်းကြောင့် ယာဉ်တိုက်မှုများ၊ မောင်းပြေးမှုများ များပြားလာပြီး နေပြည်တော်အထိ တိုင်တန်းလိုက်ခြင်းကြောင့် ထိုသို့ စီမံချက်ဖြင့် လိုင်စင်မဲ့ ယာဉ်များကို အဖွဲ့စုံ ဖြင့် စစ်ဆေးမည့် ကိစ္စ အလျင် အမြန် ဖြစ်လာရကြောင်းစုံစမ်းသိရှိရ သည်။

စီမံချက်ဖြင့် စဖမ်းမည့်နေ့သည် လကွယ်နေ့ဖြစ်ပြီး ၊ ကလောနှင့် ရွာငံ အဝင်နေရာများ၊ ကလော တိုးဂိတ်အကျော် ၊ အောင်ပန်းမြို့အဝင် သရက်ပု ၊ ဟဲဟိုး သံလမ်း ၊ တောင်လေးလုံးနှင့်ခေါင်တိုင်လမ်းဆုံ ၊ ညောင်ရွှေ-ရွှေညောင် လမ်းဆုံ ၊ ဟဲကယ်လမ်းမ ၊ ညောင်ရွှေ-အေးသာယာစက်မှုဇုန်လမ်း ၊တောင်ကြီးအဝင် အေးသာယာ မုဒ်ဦး ၊ စက်မှုဇုန်-တောင်ကြီး မြို့ရှောင်လမ်း ၊ ထုံးဖိုး ဂိတ် ၊ ပလီလင်း ဂိတ် ၊ မြေပုံ ၊ တောင်ကြီးမြို့ အထွက် ၄ မိုင် ၆မိုင် ၊ ဟိုပုံးနှင့်တောင်ကြီး လမ်းတလျှောက်တို့တွင် အဖွဲ့စုံဖြင့် စစ်ဆေးခြင်းများ ဆောင်ရွက်သွားရန် လျာထားကြောင်း သတင်းများ ထွက်ပေါ်နေခြင်း ဖြစ်သည်။

အဆိုပါ ကိစ္စသည် လိုင်စင်မဲ့ မော်တော်ယာဉ်များ စျေးကျစေရန် အတွက် ရည်ရွယ်ချက် ရှိရှိ ဝါဒဖြန့် ခြင်း ဖြစ်ကာ၊ ကားစျေးကျလျှင် ထိုသူများ လိုက်လံ သိမ်းကြုံးဝယ်ယူမည့် အကွက် ဖြစ်ကြောင်း တုံ့ပြန်ဝေဖန်ပြောဆိုသူများလည်းရှိသည်။

တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံပွဲတော်ကို လာမည့် နိုဝင်ဘာလ ၉ ရက်မှ ၁၅ ရက် အထိ (၇) ရက် တိုင်တိုင် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်း ရှမ်းပြည်နယ်တောင်ပိုင်း ရိုးရာ မီးပုံးပျံ ပညာရှင် များ အသင်း ထုတ်ပြန်ထားချက် အရ သိရသည်။

#ppv006
#လိုင်စင်မဲ
#ဖမ်းဆီး
#Taunggyi
#WhatHappenInMyanmar
VPNအခက်အခဲကြောင့် သတင်းများကို Facebook မှာ ကြည့်ရှုရန် အဆင်မပြေပါက The people’s voice – ခမ်းသားငေါဝ်း ရဲ့ YouTube Channel ကို subscribe လုပ်ထားရုံ၊ Telegram join ထားရုံ၊Tiktok like ထားရုံနဲ့ သတင်းတွေကို အချိန်နဲ့တပြေးညီ ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *