ခမ်းသားငေါဝ်း
အောက်တိုဘာ ၂၄၊ ၂၀၂၄
ဝက်လက်မြို့နယ်တွင် အမျိုးသမီးတစ်ဦးကို ပစ်သတ်သည့် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ရွှေဘိုခရိုင်တပ်ရင်း (၂)၊ တပ်ခွဲ(၁)- ဒုတပ်ခွဲ့မှူး ရဲဘော်အား ထောင်ဒဏ် (၁၀)နှစ် ချမှတ်လိုက်ကြောင်း အမျိုးသားညီညွတ်ရေး အစိုးရက အောက်တိုဘာ(၂၂)ရက် ရက်စွဲဖြင့် ထုတ်ပြန်ထားသည်။
စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်တွင် ဖေဖော်ဝါရီ ၂၆ ရက် ညနေ ၃ နာရီခွဲခန့်၌ သမီးရည်းစားချင်း စကားများရာမှ ရဲဘော် ပြည့်ထွန်းနိုင် (ခ) လင်းစေသည် သခွတ္တောကျေးရွာမှ အမျိုးသမီးကို သေနတ်ဖြင့် ပစ်သတ်ခဲ့ခြင်း ဖြစ်ကြောင်း ဖော်ပြထားသည်။
ထိုအမှုကို စစ်ဆေးကြားနာရန် ပြည်သူ့ကာကွယ်ရေး တပ်မတော်က ၂၀၂၄ခုနှစ် ဧပြီလ ၁၉ ရက် ရက်စွဲပါအမိန့်အမှတ် (၁၀၃/၂၀၂၄) ဖြင့် အကျဉ်း စစ်တရားရုံးချုပ်အမှတ် (၂/၂၀၂၄)ကို ဖွဲ့စည်းတာဝန်ပေးခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အကျဉ်းစစ် တရားရုံးချုပ် တရားသူကြီးများအဖွဲ့က အောက်တိုဘာလ (၁၁)ရက်တွင် တရားခံရဲဘော် ပြည့်ထွန်းနိုင် (ခ)လင်းစေကို ပြစ်မှုကျူးလွန်ကြောင်း ထင်ရှားသဖြင့် ၁၉၅၉ ခုနှစ်၊ တပ်မတော် အက်ဥပဒေပုဒ်မ ၇၁ (က)/ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၀၂ (၂)အရ အလုပ်ကြမ်းနှင့် ထောင်ဒဏ် (၁၀)နှစ် ကျခံစေရန် စစ်တရားရုံး လုပ်ထုံးလုပ်နည်း အပိုဒ် – ၈၁ အရ အတည်ပြု အမိန့်ချမှတ်ခဲ့ကြောင်း ဖော်ပြထားသည်။
အမျိုးသားညီညွတ်ရေး၊ ကာကွယ်ရေးဝန်ကြီးဌာန အနေဖြင့် ပြည်သူ့ကာကွယ်ရေးတပ်မတော်ကို ပြည်သူအား အလုပ်အကျွေးပြုသည့် တပ်မတော် တရပ်ဖြစ်လာစေရန် တည်ဆောက်လျက်ရှိပြီး လိုအပ်သည့် ထိန်းကြောင်းမှုများကို အဆင့်ဆင့်ဆောင်ရွက်လျက်ရှိသကဲ့သို့ ကျူးလွန်သည့် အပြစ်များကိုလည်း မျှတသည့် တရားစီရင်မှုများ လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း အသိပေးထုတ်ပြန်ထားသည်။
PPV0011
ဓာတ်ပုံ- NUG
#လူ့အခွင့်အရေး
#စစ်ကိုင်းတိုင်း
#ဝက်လက်မြို့နယ်
#သမီးရည်းစားချင်း
#သခွတ္တောကျေးရွာ
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။