ခမ်းသားငေါဝ်း
အောက်တိုဘာ ၁၃၊ ၂၀၂၄
ဖြားခွန်ဥက္ကာ ဦးစီးဖွဲ့သည့် PNLO-NCA-S တရားမဝင် သည့် အပြင် PNLO အမည်ကိုထည့်သုံးခြင်းသည်ကန့်ကွက်ကြောင်းနှင့်အဖွဲ့ချုပ်အမည်ကိုအသုံးပြုခွင့်မပြုကြောင်း အောက်တိုဘာ ၁၂ ရက်က PNLO ထုတ်ပြန်ထားသည်။
PNLO မှ ဗိုလ်မှူးကြီး ခွန်ဥက္ကာ၊ ဗိုလ်မှူး ခွန်မင်းသိမ်းနှင့် နန်းယဉ်ယဉ်စိုးတို့အား ပအိုဝ်းအမျိုးသား လွတ် မြောက်ရေးအဖွဲ့ချုပ် (PNLO/PNLA) က ထုတ်ပယ်လိုက်ကြောင်းထုတ်ပြန်ချက်တွင် ပါရှိသည်။
PNLO နာယက ဖြစ်သူ ဗိုလ်မှူးကြီး ခွန်ဥက္ကာသည် စက်တင်ဘာ ၁၅ ရက်ကစ၍ အဖွဲ့ချုပ်မှ နုတ်ထွက်ကြောင်း ထုတ်ပြန်ခဲ့သလို အောက်တို ဘာ ၉ ရက်တွင် PNLO (NCA-S) ကို ပြန်လည်ဖွဲ့စည်းကြောင်း ကြေညာခဲ့သည်။
တွဲဖက်အထွေထွေအတွင်းရေးမှူး (၁) ဗိုလ်မှူးခွန်မင်းသိမ်းနှင့် တွဲဖက် အထွေထွေအတွင်းရေးမှူး (၂)နန်းယဉ်ယဉ်စိုးတို့သည် ၂၀၂၄ စက်တင်ဘာ ၁၁ ရက်က ကျင်းပခဲ့သော PNLO ၏ ဗဟိုအလုပ်အမှုဆောင်ကော်မတီ အထူးအစည်းအဝေး၌ အဖွဲ့ချုပ်မှနုတ်ထွက်ကြောင်းကို နှုတ်အားဖြင့် အသီးသီးတင်ပြခဲ့ပြီး အဖွဲ့ချုပ်၏ တပ်ဖွဲ့ဝင် အဖွဲ့ဝင်များဖြစ်ကြသော ဗိုလ်မှူးကြီးခွန်ဥက္ကာ၊ ဗိုလ်မှူးခွန်မင်းသိမ်းနှင့် နန်းယဉ်ယဉ်စိုးတို့အား နုတ်ထွက်ခွင့်ပြုကြောင်းဗဟိုကော်မတီအစည်းအဝေးမှ ဆုံးဖြတ်အတည် မပြုမှီကာလတွင် ယခုကဲ့သို့ အဖွဲ့သစ် ဖွဲ့စည်းခြင်းကြောင့် ၎င်းတို့က ထုတ်ပယ်ခြင်းဖြစ်ကြောင်း PNLOက ရှင်းပြထားသည်။
ထို့အပြင် PNLO အမည်ကို အလွဲသုံးစားပြု၍ အဖွဲ့ဖွဲ့စည်းခဲ့ခြင်းမှာ PNLO ၏ အခြေခံမူနှင့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ချိုးဖောက်သည်မှာ ထင်ရှားသောကြောင့်အဖွဲ့မှ ပေးအပ်ထားသည့် ရာထူးနှင့် တာဝန်အရပ်ရပ်တို့ကို ရုပ်သိမ်းပြီး ထုတ်ပယ်လိုက်ခြင်းဖြစ်ကြောင်းလည်း ဆိုထားသည်။
၎င်းတို့ ၃ ဦး အနေဖြင့် လာမည့် PNLO ၏ စတုတ္ထအကြိမ် ညီလာခံတွင် အယူခံဝင်ခွင့်ရှိ သည်ဟုလည်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
#WhatsHappeningInMyanmar
#ppv002
#PNLO
#ခွန်ဥက္ကာ
#ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်
VPNအခက်အခဲကြောင့် သတင်းများကို Facebook မှာ ကြည့်ရှုရန် အဆင်မပြေပါက The people’s voice – ခမ်းသားငေါဝ်း ရဲ့ YouTube Channel ကို subscribe လုပ်ထားရုံ၊ Telegram join ထားရုံ၊Tiktok like ထားရုံနဲ့ သတင်းတွေကို အချိန်နဲ့ တပြေးညီ ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။