ခမ်းသားငေါဝ်း
အောက်တိုဘာ ၁၀၊ ၂၀၂၄
ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသထွက် ခရမ်းချဉ်သီး တစ်တင်းလျှင် တစ်သိန်းကျပ် အထိ စျေးနှုန်းမြင့်တက်လာနေကြောင်း အောက်တို ဘာလ (၁၀) ရက်တွင် စိုက်ခင်းများထံမှ သိရသည်။
ညောင်ရွှေမြို့နယ်တွင် စက်တင်ဘာလ (၁၁) ရက် သမိုင်းကြောင်း တစ်လျှောက် မကြုံစဖူး အဆိုးရွားဆုံး ရေကြီးမှု ဖြစ်ပွားပြီးနောက် ညောင်ရွှေမြို့ပေါ် နှင့် အင်းလေးကန် ရှိ ကျွန်းမျော စိုက်ခင်းများ ထိခိုက်ပျက်စီးမှု များပြားခဲ့ကြောင်း သိရသည်။
အင်းလေး ခရမ်းချဉ်သီး ကျွန်းမျောများ ထိခိုက်ပျက်စီးခြင်းကြောင့် အင်းသီး(ခရမ်းချဉ်သီး) ရှားပါးလာကာ ယနေ့ ပေါက်စျေး (၃၀) ပိဿာ ပါသော တစ်တင်းလျှင် တစ်သိန်းကျပ်၊ တပိဿာကို သုံးထောင်နှင့်လေးထောင်ကြား အထိ ကုန်စျေးနှုန်း မြင့်တက်လာခြင်း ဖြစ်ပါသည်။
‘ အခု အင်းလေး ခရမ်းချဉ်သီး စျေးနှုန်း တစ်တင်း တစ်သိန်း ကျပ်အထိ စျေးနှုန်းတက်တယ်။ အသီး က မရှိသလောက် ရှားသွားပြီ။ လုပ်ငန်းလည်း မစနိုင်သေးပါဘူး။ အကုန်လုံး ပျက်စီးဆုံးရှုံးခဲ့ရတယ်။ ’ဟု အင်းလေးကန် မှ ခရမ်းချဉ်သီး စိုက်တောင်သူ က ဆိုသည်။
၂၀၂၄ ခုနှစ် ဧပြီလနောက်ပိုင်း စိုက်တောင်သူ နည်းပါးသဖြင့် မေလတွင် အင်းလေး ခရမ်းချဉ်သီး စျေးနှုန်း တစ်တင်းလျှင် (၆၅၀၀၀) ကျပ် မှ စတင် တက်လာကာ ၊ ဇွန် လ တွင် စိုက်ခင်းများ ပျက်စီးသဖြင့် တစ်တင်း (၈၀၀၀၀) ကျပ် အထိ စံချိန်တင် ပေါက် စျေး ရရှိခဲ့ကြောင်း သိရသည်။
ထိုသို့ စျေးကောင်းရလာသဖြင့် စိုက်တောင်သူများလာကာ ကုန်းသီး ၊ ရေသီး အထွက်နှုန်း ပြန် များလာသဖြင့် စက်တင်ဘာလ(၆) ရက် အစောပိုင်းတွင် ခရမ်းချဉ်သီး စျေးနှုန်းများ တစ်ပိဿာ ၆၀၀ ကျပ် အထိ ဆိုးရွားစွာ ထပ်မံ စျေးကျခဲ့ရသည်။
အင်းလေးကန် ခရမ်းချဉ်သီး စျေးနှုန်းသည် ဩဂုတ်လ ကုန်ပိုင်းတွင် စတင်စျေးနှုန်း ကျဆင်းလာခြင်း ဖြစ်ကာ၊ ကုန်းသီးများ လှိုင်လှိုင် စိုက်ပျိုးချိန် ဖြစ်သဖြင့် သီးနှံထွက်ချိန်တွင် စျေးနှုန်း ကျဆင်းလာခြင်း ဖြစ်ကြောင်း သိရသည်။
အင်းလေးကန် တောင်ပိုင်း ၊ အလယ်ပိုင်း တို့တွင် စိုက်ပျိုးကြသော ကျွန်းမျော စိုက်ခင်းများ အားလုံးတို့သည် ရစရာ မရှိရန်ရေထဲ မျောပါ ပျက်စီးခဲ့ရကြောင်း စိုက်တောင်သူ များက ပြောပြသည်။
လက်ရှိ အချိန် အင်းလေးဒေသထွက် ခရမ်းချဉ်သီး မရှိသလောက် ရှားပါးနေပြီ ဖြစ်ကာ ကုန်းသီးနှင့် ရော ရောင်းနေရပြီး အထိန်းအသိမ်းကောင်းသော ခြံရှင် တချို့သာ ကျွန်းမျော အနည်းငယ်ကျန် ရှိ မည် ဖြစ်ပြီး ၊ ကုန်းသီးနှင့် ရောရောင်းနေရကြောင်း သိရသည်။
လက်ရှိ ညောင်ရွှေမြို့နယ် ၊ အင်းလေးကန်တွင် ရေကြီးနစ်မြုပ်နေဆဲ ဖြစ်သဖြင့် လုပ်ငန်းများပြန်လည် စတင် နိုင်ခြင်း မရှိသေးဘဲ ရပ်ထားရကြောင်း ဒေသခံများထံမှ သိရသည်။
#ppv006
#စိုက်ပျိုးရေး
#ခရမ်းချဉ်သီး
#အင်းလေး
#စျေးတက်
#ညောင်ရွှေမြို့
VPNအခက်အခဲကြောင့် သတင်းများကို Facebook မှာ ကြည့်ရှုရန် အဆင်မပြေပါက The people’s voice – ခမ်းသားငေါဝ်း ရဲ့ YouTube Channel ကို subscribe လုပ်ထားရုံ၊ Telegram join ထားရုံ၊Tiktok like ထားရုံနဲ့ သတင်းတွေကို အချိန်နဲ့ တပြေးညီ ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။