ခမ်းသားငေါဝ်း
အောက်တိုဘာ ၆၊ ၂၀၂၄

ရှမ်းပြည်နယ်တောင်ပိုင်း၊ နောင်မွန်ရှမ်းဆန်များထွက်ရှိရာ ပုံးအင်းဒေသ ပြန်လည်ထူထောင်ရေးအတွက် စပါးခင်းများ စိုက်ပျိုးစရိတ် လိုအပ်ချက်သည် အိမ်ထောင်စုတိုင်းအတွက် အဓိက စိန်ခေါ်မှု တစ်ရပ်ဖြစ်ကြောင်း ပုံးအင်းဒေသခံ တောင်သူများက ဆိုသည်။

ဩဂုတ်လနှင့် စက်တင်ဘာလတွင် ပုံးအင်းဒေသ စံချိန်တင် ရေကြီးနစ်မြုပ်နေခြင်းကြောင့် စပါးစိုက်ခင်း ဧကပေါင်း သုံးသောင်းကျော် ပျက်စီးဆုံး ရှုံးခဲ့ရပြီး နေအိမ်များလည်း ရေနစ်မြုပ် ပျက်စီးမှုများ ကြုံတွေ့ရခြင်း ဖြစ်သည်။

“စပါးခင်း ဧကပေါင်း သောင်းနဲ့ချီပြီး ရေနစ်ပျက်စီးခဲ့တယ်။ မျိုးစပါးလေးတောင် မရလိုက်ဘူး။ လှမ်းထားတာတွေလည်း ရေမျောပါသွားတယ်။ နေအိမ်တိုင်းမှာ မိသားစုတိုင်းမှာ ထုတ်သာ မပြောချင်ကြတာ ၊ အဓိက လိုအပ်ချက် ကတော့ နောက်တစ်နှစ် စပါးစိုက်ပျိုးချိန်မှာ လိုအပ်တဲ့ အရင်းအနှီး တွေကို ဘယ်ကရှာရမလဲ ၊ နောက်ပြီး အစိုးရဆီက ထပ်ချေးရင် ဒီနှစ်လို ထပ်ပြီးမဖြစ်တော့ဘူးလို့ ဘယ်သူက အာမခံမလဲ ဆိုတာတွေ အများကြီး စဉ်းစားရတယ်။ စပါးစိုက်ခင်း တစ်ဧကဆိုရင် သိန်း ၃၀ ကျော် လောက် ကာလပေါက်စျေး တန်ကြေးရှိတယ်။ အခု ဆုံးရှုံးပျက်စီးမှု ကအတော်လေး များတယ်။ ”ဟု နောင်စန့် ကျေးရွာမှ တောင်သူ တစ်ဦးကပြောသည်။

ပုံးအင်းဒေသတွင် စပါးစိုက်ခင်း ဧကပေါင်း သုံးသောင်းကျော် ရေနစ် ပျက်စီးခဲ့ခြင်း ဖြစ်ကာ၊ တစ်ဧကလျှင် အနည်းဆုံး ၁၅ သိန်းကျော် ရင်းနှီးကုန်ကျစရိတ် ရှိကြောင်း သိရသည်။

နမ့်တဘက်ချောင်း ဖြတ်သန်း စီးဆင်းနေသော တောင်ကြီးမြို့နယ်၊ ဆီဆိုင်မြို့နယ် နှင့် ဟိုပုံးမြို့နယ် အကြားတွင်ရှိသည့် ပုံးအင်းဒေသ တွင် အဓိက အားဖြင့် နောင်မွန်ရှမ်းဆန်(ခေါ်) ခေါက်နမ့်ခမ်း ကို အများဆုံး စိုက်ပျိုးကြပြီး ကြက်သွန်ဖြူ ကိုလည်း စိုက်ပျိုးကြောင်း တောင်သူ တစ်ဦးက ပြောသည်။

ပုံးအင်းဒေသတွင် ကျေးရွာပေါင်း (၅၂) ရွာတို့တွင် ရေပေါ် ကျေးရွာပေါင်း (၂၀) ကျော် ရေနစ်မြုပ်ပြီး ၊ အဓိက စားဝတ်နေရေး ခက်ခဲသော ကျေးရွာပေါင်း လေးရွာ ရှိကြောင်း သိရသည်။

အဆိုပါ ကျေးရွာများတွင် ဆည်လဲ၊ နောင်စန့်၊ ပန်လွန် နှင့် ပန်မွန်း ရွာတို့ ဖြစ်ကြောင်း ကျေးရွာ ကော်မတီ အဖွဲ့ထံမှ သိရသည်။

#ppv-006
#ပုံးအင်း
#ပြန်လည်ထူထောင်ရေး
#ရေဘေး
#WhatHappenInMyanmar

VPN အခက်အခဲကြောင့် သတင်းများကို Facebook မှာ ကြည့်ရှုရန် အဆင်မပြေပါက The people’s voice – ခမ်းသားငေါဝ်း ရဲ့ YouTube Channel ကို subscribe လုပ်ထားရုံ၊ Telegram join ထားရုံ၊Tiktok like ထားရုံနဲ့ သတင်းတွေကို အချိန်နဲ့ တပြေးညီ ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *