ခမ်းသားငေါဝ်း
အောက်တိုဘာ ၄၊ ၂၀၂၄

ရှမ်းပြည်နယ်မြို့တော်၊ တောင်ကြီးမြို့ရှိ အမှိုက်ကန်များတွင် အမှိုက်သိမ်းခ ၅၀၀ ကျပ် ကောက်ခံနေသဖြင့် စည်းကမ်းမဲ့ အမှိုက်ပစ်သူ များကြောင့် ပတ်ဝန်းကျင် ညစ်ညမ်းနေကြောင်း သိရသည်။

တောင်ကြီးမြို့ ၊ ထွန်းဆေးရုံလမ်းကြား၊ အနောက်မြို့ပတ်လမ်း ၁၆ ထပ်တိုက် အနီး၊ မြို့မစျေး အနီး၊ ကုန်သည်လမ်းပေါ် ၊ အမှိုက်ကန် ရှိသည့် လမ်းကြားများတွင် စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်သူများကြောင့်ပတ်ဝန်းကျင် ညစ်ညမ်းမှုများ ဖြစ်ပေါ်နေခြင်း ဖြစ်သည်။

“ အခု ဘုရားဖြူအထိ အမှိုက်ကား လာသိမ်းပေမယ့် လာချင်သလို လာတယ်။ တစ်အိမ်ကို ၅၀၀၀ ကျပ် ကနေ အနည်းဆုံး ကောက် တယ်။ ငါးရက်တစ်ခါနှုန်းလောက်ပဲ လာတော့ တယ်။ ဘယ်နေ့ဘယ် အချိန် လာမလဲ ဆိုတာ ကြိုတင် ကြေညာ ထားတာ မရှိဘူး။ ”ဟု တောင်ကြီးမြို့ခံတစ်ဦးက ပြောသည်။

ထို့ပြင် ရပ်ကွက်တွင်းရှိ ရေမြောင်းကြီးများတွင် အမှိုက်ထုပ်များကို ပေါ်တင် စွန့်ပစ်လာကြပြီး ၊ ညအချိန် ၊ မနက်အစောပိုင်း အချိန် များတွင် ရေမြောင်းအတွင်း အမှိုက်ခိုးပစ်သူများလာသော ကြောင့် မြောင်းပိတ်ဆို့မှု ဖြစ်ပြီး ရေကြီးမှုများ ဖြစ်လာခြင်း ဖြစ်သည်။

ထိုသို့ တောင်ကြီးမြို့ရှိ လမ်းဘေးအမှိုက်ပုံတွင် ၅၀၀ ကျပ် ကောက်ခံနေသည်မှာ ၁ လ ကျော် ကြာမြင့်ပြီ ဖြစ်ကြောင်း ၊ လမ်းဘေး တစ်လျှောက် အများပြည်သူ အသုံးပြုနိုင်သော အမှိုက်ပုံများကို ဖယ်ရှားရှင်းလင်းပြီး သတ်မှတ် အမှိုက်ကျင်းကြီးများကို အမြင့်ကြီး တည်ဆောက်၍ ငွေကောက်နေခြင်း ဖြစ်ကြောင်း သိရသည်။

တောင်ကြီးမြို့ အနောက်မြို့ပတ်လမ်းတွင် ဝါးပြားလမ်းဆုံ မီးပွိုင့်နားတွင် တစ်နေရာ ၊ သစ်ဆိုင် မှတ်တိုင်နားတွင် တစ်နေရာ နှင့် ဧရာ၀တီ လမ်းဆုံအနီးတွင် တစ်နေရာ၊ ဗိုလ်ချုပ်အောင်ဆန်း ပန်းခြံအနီးတွင် တစ်နေရာ ၊ စုစုပေါင်း အမှိုက်ကန် (၄) နေရာ ပြင်ဆင်ထားသည်ကို တွေ့ရပြီး၊ ကျန်နေရာများမှ အမှိုက်များကို ရုပ်သိမ်း ဖယ်ရှားခဲ့ခြင်း ဖြစ်သည်။

ထို့သို့ အမှိုက်ကန်ကို နေရာရွေ့ပြောင်းပြီးကြောင်း စာကပ်ထားသော်လည်း နေရာ ဟောင်းများတွင် လာရောက် အမှိုက်စွန့်ပစ်ခြင်းကြောင့် ပတ်ဝန်းကျင် ညစ်ညမ်းနေခြင်း ဖြစ်သည်။

ထိုအမှိုက်ပုံများတွင် စွန့်ပစ်အမှိုက်သိမ်းဆည်းခ ကောက်ခံခြင်း အဖြစ် မီးဖိုချောင်မှ ထွက်ရှိသော အမှိုက်များကို အခွန်ပြေစာ ပြနိုင်ပါက အခမဲ့ စွန့်ပစ်နိုင်ပြီး၊ အခွန်ပြေစာ မပြနိုင်ပါက တစ်ကြိမ်လျှင် ၅၀၀ ကျပ် နှုန်း ကောက်ခံသွားမည် ဖြစ်ပါကြောင်း အသိပေးစာ ကပ်ထားသည်။

ထို့ပြင် နေအိမ်များမှ နေ့စဉ်ထွက်ရှိလာသော မီးဖိုချောင်အမှိုက်များအား အမှိုက်ကန်အတွင်းသို့ စနစ်တကျ စွန့်ပစ်သွားရန် နှင့် လိုက်နာဆောင်ရွက်မှု မရှိဘဲ အမှိုက်များအား စည်းကမ်းမဲ့ စွန်ပစ်ပါက ရှမ်းပြည်နယ် စည်ပင်သာယာရေးဥပဒေနှင့် အညီ ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည် ဖြစ် ကြောင်း တောင်ကြီးမြို့နယ် စည်ပင်သာယာရေး ဌာန က အသိပေးစာ ကိုလည်း အမှိုက်ကန်တွင် ပူးတွဲကပ်ထားသည်။

မြို့ရွာသန့်ရှင်းရေးတွင် အမှိုက်ပုံများသည် အရေးပါကြောင်း၊ တောင်ကြီးမြို့သည် နှစ်စဉ် အသန့်ရှင်းဆုံးဆု ရရှိခဲ့ခြင်းသည် မြို့လူထုနှင့် စည်ပင်သာ ယာရေးအဖွဲ့ တို့ ပူးပေါင်း ညီညွတ်ကြခြင်းကြောင့် ဖြစ်ကြောင်း၊ လူထုသည် စည်းကမ်းနှင့် အညီ အမှိုက်စွန့်ပစ်သလို၊ စည်ပင်ဌာနကလည်း ၀တ္တရားနှင့်အညီ အမှိုက်သိမ်းကြောင်း၊ ယခုအခါ အမှိုက်ကို အမှိုက်ပုံရောက်အောင် အချိန်ကုန် စက်သုံးဆီအကုန်ခံပြီး လာရောက် စွန့်ပစ်သူများကို ထိုင်ပြီး ငွေကောက်သောစနစ် တောင်ကြီးမြို့ ရပ်ကွက် တိုင်း အမှိုက်ကန်တိုင်းတွင် စာကပ်လူစောင့်တောင်းနေခြင်းသည် တောင်ကြီးမြို့လူထုကို စည်းကမ်းပျက် ကြုံရာအမှိုက်ပစ်အောင် တွန်းပို့ရာ ရောက်နေကြောင်း ၊ အိမ်တိုင်း အမှိုက်ခွန်ဆောင်နေပါလျက် နှင့် ယခုလို တောင်းဖို့သင့် မသင့်ပြန်လည် စဉ်းစားရန် လိုအပ်ပါကြောင်း မြို့ခံ တစ်ဦး က ဝေဖန် ထောက်ပြထားသည်။

မွှေး-တောင်ကြီး အမှိုက်သိမ်းဆည်းရေးကုမ္ပဏီ သည် တောင်ကြီးမြို့နယ် စည်ပင်သာယာရေးဌာန နှင့် နှစ်(၃၀) စာချုပ် ဖြင့် ၂၀၁၄ ခုနှစ်တွင် အမှိုက်သိမ်းဆည်းရေးလုပ်ငန်းကို ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး၊ ပြည်သူဗဟိုပြုသော စီမံချက်များရေးဆွဲ၍ ကတိကဝတ် လက်မှတ် ရေးထိုးသွားရန် ယခင်အစိုးရလက်ထက် က ဆောင်ရွက်ခဲ့ဖူးကြောင်း သိရသည်။

၂၀၂၁ ခုနှစ် နောက်ပိုင်းတွင် ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းများကို ထိရောက်စွာ​ ဆောင်ရွက်နိုင်ခြင်း မရှိတော့ဘဲ ပြည်သူလူထုသည် အားကိုးရာမဲ့ ဖြစ်နေရကြောင်း ကြားသိရသည်။

#ppv006
#Taunggyi
#အမှိုက်သိမ်း
#သဘာဝပတ်ဝန်းကျင်
#WhatHappenInMyanmar
VPN အခက်အခဲကြောင့် သတင်းများကို Facebook မှာ ကြည့်ရှုရန် အဆင်မပြေပါက The people’s voice – ခမ်းသားငေါဝ်း ရဲ့ YouTube Channel ကို subscribe လုပ်ထားရုံ၊ Telegram join ထားရုံ၊Tiktok like ထားရုံနဲ့ သတင်းတွေကို အချိန်နဲ့ တပြေးညီ ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *