ခမ်းသားငေါဝ်း
အောက်တိုဘာ ၃၊ ၂၀၂၄
စစ်ပွဲများဖြစ်ပေါ်နေသည့် ဒေသများတွင် ရေကြီးရေလျှံမှုဖြစ်ပွားပြီးနောက် နေအိမ်သို့ ပြန်သွားလျှင် ကူညီကယ်ဆယ်ရေး အဖွဲ့အစည်းများက ဘေးကင်းလုံခြုံကြောင်း ကြေငြာပြီးမှသာလျှင် နေရပ်သို့ပြန်ရန် အရေးကြီးကြောင်း (NUG) မှ အောက်တိုဘာလ (၂)ရက်နေ့တွင် ထုတ်ပြန်ထားသည်။
သဘာဝဘေးအန္တရာယ်ဖြစ်ပွားပြီးနောက်ပိုင်း မိုးကြီးရေလျှံခြင်းကြောင့် မြေလွှာသည် စိုစွတ်ပျော့ပျောင်းပြီး ပိုမိုလွယ်ကူစွာ ရွေ့လျားခြင်း၊ တောင်ပြိုခြင်း၊ မြေပြိုခြင်းများဖြစ်ပေါ်ကာ မြှုပ်နှံထားသောပစ္စည်းများ မြေပြင်ပေါ်သို့ ပေါ်ထွက်လာခြင်း ဖြစ်နိုင်ကြောင်း ဖော်ပြထားသည်။
ထို့ကြောင့် စစ်ပွဲဖြစ်ပွားနေသည့် ဒေသများတွင် မြေမြှုပ်မိုင်းနှင့် ပေါက်ကွဲစေတတ်သော အန္တရာယ်ရှိပစ္စည်းများ နေရာရွေ့သွားပြီး ပေါက်ကွဲစေနိုင်သဖြင့် ပြည်သူများအနေဖြင့် သတိပြု ရမည့်အချက် (၈)ချက်ကို ဖော်ပြထားသည်။
(၁) ရေအောက်သို့ သေချာရှင်းလင်းစွာ မမြင်ရပါက မလိုအပ်ဘဲ လမ်းလျှောက်ခြင်း မပြုပါရန်။
(၂)လေးလံသော ပစ္စည်းများကို မြေကြီးပေါ်သို့ချသည့်အခါ မြေပြင်ကို ဘေးကင်းကြောင်း သေချာစစ်ဆေးပြီးမှ ချထားရန်။
(၃) မိမိ မသွားရောက်ဖူးသောနယ်မြေများကို နယ်မြေကျွမ်းကျင်သူမပါဘဲ သွားခြင်းမှ ရှောင်ကျဉ်ရန်။
(၄) အမျိုးအမည်မသိသော သံသယဖြစ်ဖွယ်ပစ္စည်းများကို တွေ့ရှိခဲ့ပါက ကိုင်တွယ်ကြည့်ရှုခြင်းမှ ရှောင်ကျဉ်ရန်။
(၅) အကယ်၍ စစ်ဘက်ဆိုင်ရာပစ္စည်းများ တွေ့ရှိခဲ့ပါက တာဝန်ရှိသူများကို ချက်ချင်း အကြောင်းကြားပါရန်။
(၆) ကလေးသူငယ်များကို အန္တရာယ်ရှိသည့်နေရာနှင့် ဝေးရာတွင်ထားရန်။
(၇) အန္တရာယ်ရှိကြောင်း အခြားသူများကို သတိပေးရန်နှင့်
(၈) အကယ်၍ မိမိရှေ့တွင် မတော်တဆ ထိခိုက်မှုများ ဖြစ်ပေါ်လာပါက အရေးပေါ်ကူညီကယ်တင်ပေးနိုင်ရန် ရှေးဦးသူနာပြုစုနည်းများအား လေ့လာထားရန် ဖော်ပြထားသည်။
PPV0011
ဓာတ်ပုံ-NUG
#NUG
#သဘာဝဘေးအန္တရာယ်
#မိုးကြီးရေလျှံခြင်း
#မြေလွှာသည်စိုစွတ်ပျော့ပျောင်း
#တောင်ပြိုခြင်း
#မြေပြိုခြင်း
#မြှုပ်နှံထားသောပစ္စည်းများ
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။