ခမ်းသားငေါဝ်း
အောက်တိုဘာ ၃၊ ၂၀၂၄

ကလောမြို့ကို လူငယ်အင်အား တစ်ရာကျော်ဖြင့် ရွံ့နွံများကို ရှင်းလင်းကူညီဆောင်ရွက်ပေးရာ ၈၀ ရာခိုင်နှုန်း ပထမအဆင့် ပြီးစီးဟု နမ့်လတ် လူမှုကူညီကယ်ဆယ်ရေး အသင်း ထံမှ သိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း ၊ သဘာ၀ ဘေးဒဏ်ခံစားရသော ကလော၊ ညောင်ရွှေမြို့နယ်၊ အင်းလေးကန်၊ နှင့် နမ့်စန်မြို့တို့ကို လူမှုကူညီကယ်ဆယ်ရေး လုပ်ငန်းများကူညီဆောင်ရွက် ပေးနေကြောင်း နမ့်လတ် လူမှုကူညီကယ်ဆယ်ရေး အသင်း တာဝန်ရှိသူက ပြောကြားသည်။

“ ကလောအခြေအနေ က ငြိမ်တယ်တော့ မဟုတ်သေးဘူး နွံရှင်းတဲ့လုပ်ငန်းနဲ့ အပျက်အစီးတွေရှင်းလင်းတဲ့လုပ်ငန်းတွေ ဆက်လုပ်နေရတာ၊ အခုတော့ ၈၀ ရာခိုင်နှုန်းတော့ ပထမ အဆင့် ပြီးပါပြီ။”ဟု နမ့်လတ် လူမှုကူညီကယ်ဆယ်ရေး အသင်း မှ စိုင်းသီဟနိုင်ကပြောသည်။

နမ့်လတ် လူမှုကူညီရေး အဖွဲ့သည် ကလောမြို့ကို အထိုင်ချ၍ လူမှုကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးနေပြီး စက်တင်ဘာလ(၁၄) ရက်မှ အောက်တိုဘာလ (၃) ရက်အထိ ရက်ပေါင်း (၂၀) ရက် တိုင်တိုင် ကြာမြင့်ခဲ့ပြီ ဖြစ်ကြောင်း သိရသည်။

အဓိကအားဖြင့် ကလောမြို့တွင် နေအိမ်များကို ရွံ့နွံများ ရှင်းလင်းရေး ဆောင်ရွက်ပေးခြင်းဖြစ်ပြီး ကလောမြို့တွင် ရပ်ကွက်ပေါင်း ၁၁ ခုထဲမှ အမှတ် ၂ ရပ်ကွက်၊ အမှတ် ၃ ရပ်ကွက်နှင့် အမှတ် ၄ တို့ သည် ရေဘေးဒဏ် အများဆုံးခံရခြင်း ဖြစ်သည်။

နမ့်လတ် အဖွဲ့ဝင် လူအင်အား အမာခံနေ့စဥ် ၅၀ ဦး ရှိပြီး Volunteers များ၊ စေတနာလုပ်အားရှင်များ လာရောက် ပူးပေါင်းဆောင်ရွက်ရာတွင် တစ်ရက် လူငယ်အင်အား ၁၂၀ ဝန်းကျင်ဖြင့် လမ်းကြောင်းများ ခွဲ၍ ကလောမြို့ နေအိမ်များ ရွံ့နွံ့ရှင်းလင်းရေး လုပ်ငန်းများ ကူညီဆောင်ရွက်ပေးလျှက် ရှိကြောင်း သိရသည်။

တောင်ကြီးမြို့ နှင့် ရန်ကုန် တို့မှ အဖွဲ့ဝင်များ တစ်ရက်လျှင် တစ်ဖွဲ့နှုန်းဖြင့် လာရောက် ပူးပေါင်း ဆောင်ရွက်ခြင်း ရှိပြီး၊ နမ့်လတ်အဖွဲ့ဝင် အမာခံ အင်အား ၅၀ ဦးဖြင့် ကူညီဆောင်ရွက်ပေးခြင်း ရှိကြောင်း သိရသည်။

ကလောမြို့တွင် (၁၉) ရက်အတွင်း အိမ်ပေါင်း (၁၅၀) ကျော်ကို ရှင်းလင်းဆောင်ရွက်နိုင်ခဲ့ပြီး၊ အခြေအနေ မတည်ငြိမ်သေးဘဲ ရေတက်ခြင်းများ ထပ်မံကြုံတွေ့ရကြောင်းဆိုသည်။

“ခုကတော့ ကလောဝန်းကျင်က အကူညီတော်တော်များများ ရောက်ကြပြီ၊ ကျနော်တို့အမြင်ကတော့ ရွာတွေက လမ်းပန်းဆက်သွယ်ရေး အဆင်ပြေသွားရင် ရပြီ ပြန်လည်ထူထောင်ရေးအတွက် ကလောမြို့ပေါ်ကတော့ လိုအပ်ချက်ရှိတယ်၊ လွိုင်လင်နဲ့ မိုင်းပွန်နားက ခေါင်းနွဲ့ရွာလည်း လိုအပ်ချက်ရှိတယ် အလှူရှင်မရောက်ကြဘူး ပအိုဝ်းအချင်းချင်းကူနေတာပဲရှိတယ် နောက်ပြီး နမ့်စန် ပျက်စီးဆုံးရှုံးတာတွေများတော့ ပြန်လည်ထူထောင်ရေးအတွက် လိုအပ်ကြတယ် ဗျာ ”နမ့်လတ် လူမှုကူညီကယ် ဆယ်ရေး အသင်းမှ စိုင်းသီဟနိုင်က ပြောသည်။

ကလောတွင် ရွံ့နွံများကို ရှင်းလင်းရန် တစ်ရက် နေ့စားခ လုပ်အားခ သုံးသောင်းကျော် ရှိကာ လုပ်သား ရှားပါးမှု ရှိသဖြင့် လူငယ်အင်အား တို့ဖြင့် လုပ်အားဒါန အကူအညီ ပေးနေခြင်း ဖြစ်ကြောင်း ဆိုသည်။

ထို့ပြင် ကလောမြို့ ၊ မြင်းဒိုက် အနီးရှိ တောင်ပြိုခဲ့သော ကျေးရွာများအတွက် လမ်းရှင်းလင်းရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် စက်ယန္တရား လောင်စာဆီ ဖိုး အလှူငွေ များကိုလည်း လှူဒါန်းခဲ့ကြောင်း သိရသည်။

နမ့်လတ် အဖွဲ့သည် ကမ္ဘာ့ ကပ်ရောဂါ ကိုဗစ်ရောဂါ ကာလနောက်ပိုင်းတွင် အသင်းသား လူငယ်(၁၅) ဦးဖြင့် စတင် ဖွဲ့စည်းထားသော လူမှုကူညီကယ်ဆယ်ရေး အဖွဲ့ တစ်ဖွဲ့ ဖြစ်ကြောင်း သိရသည်။

#ppv006
#ကလော
#နမ့်လတ်လူမှုကယ်ဆယ်ရေး
#သဘာဝဘေး
#WhatHappenInMyanmar

VPN အခက်အခဲကြောင့် သတင်းများကို Facebook မှာ ကြည့်ရှုရန် အဆင်မပြေပါက The people’s voice – ခမ်းသားငေါဝ်း ရဲ့ YouTube Channel ကို subscribe လုပ်ထားရုံ၊ Telegram join ထားရုံ၊Tiktok like ထားရုံနဲ့ သတင်းတွေကို အချိန်နဲ့ တပြေးညီ ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

You missed