ခမ်းသားငေါဝ်း
အောက်တိုဘာ ၁၊ ၂၀၂၄
ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် ၊ အင်းလေးကန် တွင် သောက်သုံးရေ လိုအပ်ချက် ဖြေရှင်းနိုင်ရန် အတွက် နည်းလမ်းကို ရှာကြံနေကြောင်း ဒေသခံများထံမှ သိရသည်။
အင်းလေးကန်တွင် စက်တင်ဘာလ(၁၁) ရက်မှ စတင်၍ မကြုံစဖူး ရေကြီး နစ်မြုပ်ခြင်းကြောင့် နေအိမ်များ ရေမြုပ်ခြင်း၊ စိုက်ခင်းများ ရေမြုပ် ပျက်စီးခြင်း နှင့် ကြုံတွေ့နေရသည်မှာ တစ်လ နီးပါး ကြာမြင့်လာပြီ ဖြစ်သည်။
ရေကြီးနစ်မြုပ်ခြင်းကြောင့် အဓိကအားဖြင့် သောက်သုံးရေ လိုအပ်ချက် ရှိနေပြီး ၂၀ လီတာ ဝင် သောက်ရေသန့် ဘူးကြီး တစ်ဘူးလျှင် တစ်အိမ်စာ အတွက် တစ်ရက် စာ အသုံးခံပြီး ၊ သောက်ရေသန့် နေ့စဉ် လိုအပ်ချက် ရှိကြောင်း မိုင်းသောက် ဒေသခံ တစ်ဦးက ပြောသည်။
ထိုသို့ သောက်သုံးရေ လိုအပ်ချက်ကို ဖြေရှင်းဆောင်ရွက်နိုင်ရန် အတွက် ကမ်းစပ် ကျေးရွာများရှိ အဝီစိတွင်း ရေများကို ရေသယ်ယူ သုံးရန် နည်းလမ်း နှင့် ရေသန့် ဆေးပြားများ ခပ်၍ သောက်သုံးရေ ပြုလုပ်ရန် နည်းလမ်း တို့ကို ရှာကြံ စဉ်းစားနေကြောင်း သိရသည်။
အင်းလေးကန် အရှေ့ဘက် ကမ်း ၊ အနောက်ဘက် ကမ်း တစ်လျှောက် ကျေးရွာများတွင် ကမ်းစပ် ရှိ ကျေးရွာများရှိ အဝီစိတွင်းရေ များကို ခပ်သုံးရန် အတွက် ထိုရေ များ မည်မျှ သန့်ရှင်းမှု ရှိမည်ဟူသော အချက်ကိုလည်း ထည့် သွင်း စဉ်းစားရကြောင်း ၊ ရေသန့် ဆေးပြား ဖြင့် သောက်ရေသန့် ပြုလုပ်ရန် နည်းလမ်းကိုလည်း စဉ်းစားထားကြောင်း ဆိုသည်။
ရေသန့် ဆေးပြားပေါင်း အပြား (၈၀၀၀၀) ရှစ်သောင်းကျော် လာရောက်လှူဒါန်းထားသည်ဟု သတင်း ကြားသိရသော်လည်း အင်းလေးကန် ရှိ ကျေးရွာ များထံ စုံစမ်းကြည့်ရာတွင် ထိုကိစ္စ မသိရှိရသေးကြောင်း ဆိုသည်။
ကမ္ဘောဇဘဏ် အဖွဲ့ နှင့် ရှမ်းတောင် ပရဟိတ ကွန်ရက် တို့မှ အင်းလေးကန် အတွက် သောက်ရေသန့် စက် များ လှူဒါန်းမည်ဟု ပြောဆိုထားပြီး ၊ အင်းလေးကန် သို့ အောက်တိုဘာလ (၅) ရက် ကျော်မှ ရောက်ရှိ နိုင်မည် ဖြစ်ကြောင်း ဒေသခံများက ဆိုသည်။
ထို့ပြင် တောင်ကြီးမြို့ရှိ နဂါးပွက်ကျောင်း ဆရာတော် ဦးဆောင်သော အဖွဲ့မှ လည်း အင်းလေးကန် အတွက် သောက်ရေသန့် စက်များ လှူဒါန်းသွားမည်ဟု လည်း ကြားသိရသည်။
ညောင်ရွှေမြို့နယ်၊ အင်းလေးကန် သို့ သောက်ရေသန့် ဘူးများ အနယ်နယ် အရပ်ရပ် မှ အလှူရှင် များ လာရောက် လှူဒါန်းကြသော်လည်း သောက်သုံးရေ အတွက် အဆင်ပြေသော်လည်း အင်းလေးကန် တွင်းရှိ အိမ်ထောင်စုများ ဟင်းချက်ရန် ၊ ထမင်း သချက်ရန်လိုအပ်ချက်များ နေ့စဉ် လိုအပ်ချက် ရှိနေသေးကြောင်း သိရသည်။
၂၀၂၄ ခုနှစ် အောက်တိုဘာလ (၁) ရက် တွင် အင်းလေးကန်အတွင်း ရေ ၂ ပေ ခန့် ကျ သော်လည်း မိုးရွာသွန်းမှု ရှိခြင်းကြောင့် ဆက်လက်၍ ရေပြင် မြင့်တက်လာမည်ကိုလည်း စိုးရိမ်နေကြောင်း ဒေသခံများက ဆိုသည်။
အင်းလေးကန်တွင် ရာစုနှစ်ပေါင်းများစွာ အတွင်း မကြုံစဖူး ရေကြီးနစ်မြုပ်ခြင်းကြောင့် ၁၅ ပေ ခန့် ရေတက် လာခြင်း ဖြစ်ကြောင်း ဒေသခံများက ဆိုသည်။
ထိုသို့ အင်းလေးကန် ရေကြီးနစ်မြုပ်ခြင်းကြောင့် ရွှေညောင် – ညောင်ရွှေ အဝင်လမ်းရှိ နန်းသီတာ အနီးတွင် ဒေသခံ ၃ ဦး ဆုံးပါးခဲ့ကြောင်း သိရသည်။
ထို့ပြင် အင်းတိန်ဘက်တွင်လည်း ခိုလှုံနေသော စစ်ဘေးရှောင် ၁၇ ယောက် ရေစီးတွင် မျောပါခဲ့သလို အင်းထဲတွင် လှေပေါ်မှ ပြုတ်ကျခြင်းကြောင့် တစ်ဦးသေဆုံးသည်ဟု သိရပြီး အလှူရှင် လား ၊ ဒေသခံ လား အတိအကျ မသိရသေးကြောင်း ဆိုသည်။
အင်းလေးကန် ရေကြီးနစ်မြုပ်ခြင်းကြောင့် စပါး၊ ကြံ နှင့် မျိုးစပါးများစွာ တို့သည် ရေနစ်မြုပ် ပျက်စီးခဲ့ရသဖြင့် လာမည့် နှစ် ၂၀၂၅ ခုနှစ်တွင် ဆန်ရေစပါး ရှားပါးမှု အခက် အခဲ ကြုံတွေ့လာနိုင်သည်ကို ဒေသခံများက စိုးရိမ်နေကြကြောင်း ဆိုသည်။
အင်းလေးကန်တွင် ယနေ့ အချိန်ထိ ရေအနည်းငယ်သာကျသေးပြီး လုပ်ငန်းများ ပြန်လည် စတင် လည်ပတ်နိုင်ခြင်း မရှိသေးသဖြင့် လတ်တလော အလှူရှင်များ၏ စားနပ်ရိက္ခာဖြင့် ဖြေရှင်းနေကြရပြီး၊ ရေရှည် စားဝတ်နေရေး အတွက် အချိန်ယူ ကြိုးစား၍ ပြန်လည် တည်ဆောက်သွားရမည် ဖြစ်ကြောင်း အင်းလေးကန် ရှိ မိုင်းသောက် ၊ နန်းပန် တို့မှ ကျေးရွာ ဒေသခံများက ပြောဆိုထားသည်။
photoအယ်သားဖော
#ppv-006
#WhatHappenInMyanmar
#အင်းလေး
#ရေသန့်
#သောက်ရေ
VPN အခက်အခဲကြောင့် သတင်းများကို Facebook မှာ ကြည့်ရှုရန် အဆင်မပြေပါက The people’s voice – ခမ်းသားငေါဝ်း ရဲ့ YouTube Channel ကို subscribe လုပ်ထားရုံ၊ Telegram join ထားရုံ၊Tiktok like ထားရုံနဲ့ သတင်းတွေကို အချိန်နဲ့ တပြေးညီ ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။
youtube channel
www.youtube.com/@khamsarngor7295
ခမ်းသားငေါဝ်း Burmese Version
https://www.facebook.com/KhamSarNgor
ခမ်းသားငေါဝ်း English Version
https://www.facebook.com/KSNEnglish/
website
https://www.thepeoplevoicepaoh.com/
ခမ်းသားငေါဝ်း Telegram
t.me/ppv21
ခမ်းသားငေါဝ်း Tittok www.tiktok.com/@khamsarngor1
ခမ်းသားငေါဝ်း N -social
https://mita.website/d/social.php?r=ur1534