ခမ်းသားငေါဝ်း
စက်တင်ဘာ ၁၁၊ ၂၀၂၄

ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ် တောင်ခမ်းကျေးရွာတွင် စစ်ကောင်စီတပ်နှင့် တအာင်းတပ်မတော် TNLA တို့အကြား တိုက်ပွဲဆက်လက်ပြင်းထန်နေကြောင်း သိရသည်။

စက်တင်ဘာ၁၀ ရက်နေ့မနက်ပိုင်းကစပြီး တောင်ခမ်းအခြေစိုက် စစ်ကောင်စီ၏အမြောက်တပ်- ၃၅၄ ကို TNLA က ထိုးစစ်ဆင်တိုက်ခိုက်ပြီး စစ်ကောင်စီတပ်ဘက်ကလည်း Y-12 လေယာဉ်အသုံးပြုပြီး အမြောက်တပ် – ၂၀၆၊ ၃၅၄၊ ၉၀၂ နဲ့ မကျီးရေကျေးရွာ၌ ဗုံးအလုံး ၆၀ ကြဲချခဲ့ကြောင်းသိရသည်။

“တိုက်ပွဲကတော့ ပြင်းထန်နေတယ်၊ ဒီနေ့ မနက်ပိုင်း ၃၅၄ တပ်မှာ တိုက်ပွဲပြင်းထန်နေတယ်။ စစ်ကောင်စီကလည်း ခံစစ်ကောင်းကောင်း ပြင်ထားတာ တွေ့ရတယ်။ လေယာဉ်နဲ့လည်း နေတိုင်းလာကြဲနေတယ်” လို စစ်မြေပြင်တွင် ရှိနေသူတစ်ဦးက ရွှေဖီမြေသတင်းဌာနကိုပြောထားသည်။

နောင်ချိုမြိုကို ပြန်လည်ထိုးစစ်ဆင်ရန် စစ်ကောင်စီတပ်က ရှမ်းတောင် ရပ်စောက်မြိုနယ်မှ တောင်ခမ်းကျေးရွာဘက်ကို စစ်အင်အားများ ဖြည့်တင်းနေပြီး တောင်ခမ်းတွင် TNLA နှင့် စစ်ကောင်စီတပ်အကြား တိုက်ပွဲပြင်းထန်နေသည်မှာ ၁ လကျော်ကြာ ရှိနေပြီ ဖြစ်သည်။

တောင်ခမ်းကျေးရွာတွင် စစ်ကောင်စီ၏အမြောက်စခန်းကွပ်ကဲမှုဌာနချုပ် – ၉၀၂ အပါအဝင် ၎င်း၏ လက်အောက်ခံ အမြောက်တပ်များဖြစ်သည့် ၂၀၆၊ ၃၅၄ နဲ့ ၄၀၆ တို့ အခြေစိုက်ထားကြောင်း ၂၀၆ တပ်စခန်းကို TNLA က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီ ဖြစ်ကြောင်းသိရသည်။

နောင်ချိုမြို့ကို ပြီးခဲ့သည့် ဇူလိုင်လ ၁၀ ရက်ကတည်းက TNLA နှင့် ပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်ပြီး ထိန်းချုပ်ထားပြီဖြစ်ကြောင်းသိရသည်။

#ppv002
#တိုက်ပွဲသတင်း
#တောင်ခမ်း
#TNLA
#နောင်ချို

Leave a Reply

Your email address will not be published. Required fields are marked *