……………………………
ခမ်းသားငေါဝ်း
ဇူလိုင်လ ၄၊ ၂၀၂၃
“ကိုယ်ရှူဖို့အတွက်တောင် မနဲးရုန်းကန်ရှာဖွေရတာ မိသားစုအတွက်တော့ ဘယ်လိုမှ လည်ပတ်လို့ မရတော့ဘူး၊ ပြောရရင် လူ့ဘဝရလာတာဟာ တန်ဖိုးကိုမရှိတော့တာ နေမထူး သေမထူး လူဖြစ်ရှုံးလိုက် တာလို့ ကျွန်တော့်ရင်ထဲ ခံစားရတယ်ဗျာ”ဟုနောင်တရသည့်လေသံဖြင့် မူးယစ်ဆေးဝါးကို ထမင်းစားသလို မှီဝဲသည့် အသက်(၄၀)ကျော်အရွယ် ခပ်ပိန်ပိန်ခန္ဓာကိုယ်ပိုင်ဆိုင်ထားသော ကိုကျော်(နာမည်လွဲ) ကိုယ်တိုင်မှ ရင်ဖွင့်ပြောဆိုသည်။
လူတွေအသက်ရှင်နိုင်ဖို့ တစ်ရက်လျှင် ထမင်းသုံးနပ်စားပေးရသလို ကိုကျော်တစ်ယောက်လည်း မူးယစ်ဆေး သုံးစွဲရာတွင် နံနက်၊ နေ့၊ ည သုံးကြိမ် ဆေးကိုအသုံးပြုနေခဲ့သည်။ ကိုကျော် ဆိုသောသူသည် ဇနီးသည်နှင့် သားသုံးယောက်၊ သမီးတစ်ယောက်ဖြင့် မိသားစု(၆)ယောက်ဖြင့် ရှမ်းပြည်နယ်တောင်ပိုင်း နမ့်စန်ခရိုင်၊ နမ့်စန်မြို့ အမှတ်(၄)ရပ်ကွက်၊ နယ်မြေ(၇)တွင် နေထိုင်ကြပြီး သူ၏ အသက် (၃၅)နှစ်အရွယ်မှာပင် အပေါင်းအသင်းကြောင့် စတင်၍ မူးယစ်ဆေးဝါးကို သုံးစွဲလာခဲ့သည်။
ကိုကျော်တို့ အဓိကမူးယစ်ဆေးလွတ်လပ်စွာသုံးသည့်နေရာ ဆေးသမားများအတွက် နိဗ္ဗာန်ဘုံဟု တင်စား နိုင်လောက်သည့် နေရာသည် နမ့်စန်မြို့ အမှတ်(၄)အရှေ့ဘက်ရှိ နမ့်လတ်ချောင်းဟု ခေါ်ဆိုကြသည်။ ၎င်းနမ့်လတ်ချောင်းသည် မူးယစ်ဆေးသမားများ အလွယ်ကူဆုံးရသည့်နေရာဖြစ်သလို ဆေးသမားတချို့ သည်လည်း လချီ နှစ်ချီနေထိုင်ကြပြီး ဆေးသမားများ ဦးရေ (၅၀)အထက် နေထိုင်ကျက်စားသည့် နေရာ လည်းဖြစ်ကြောင်း သိရသည်။
ကိုကျော်သည် မူးယစ်ဆေးသုံးစွဲလာသည့်သက်တမ်းဆယ်နှစ်အတွင်း၌ ထောင်(၅)နှစ်ကျခဲ့ဖူးပြီး နောင်ချို ဘက်အပို့ခံရကာ လက်ရှိတွင် ပြန်လွတ်မြောက်လာခဲ့ပြီး မူးယစ်ဆေးဝါးနွမ်ထဲ သူရုန်းထွက် ချင်သော ဆန္ဒရှိနေသော်လည်း နဂိုတိုင်း ထမင်းကိုစားသလို မူးယစ်ဆေးကို မှီဝဲနေဆဲဖြစ်သည်။
“ဒီဆေးကိုစသုံးတာက အပေါင်းအသင်းကနေစတာဗျာ့၊ ဘာမှမဖြစ်ဘူးပေါ့ အပျော်သဘောပေါ့ တစ်လုံး နှစ်လုံးကနေစတာဗျာ့၊ နောက်တော့မရတော့ဘူးဗျာ့ လူကမနေနိုင်တော့ဘူး၊ မိသားစုစားဝတ်နေရေးရော သားသမီးအရေးပါ အဆင်မပြေတော့ဘူး၊ နောက်သားသမီးတွေလည်း ဖအေကို ဖအေလို့ သတ်မှတ်နေ ကြလည်း မလေးစားကြတော့ဘူး၊ အဲ့လိုနဲ့ ဘဝက တဖြေးဖြေးဆိုးလာတယ်၊ နောက်တော့ တာဝန်ရှိ လူကြီးတွေက ကျွန်တော့်ကို လာဖမ်းတယ်၊ ထောင်(၅)နှစ် ကျွန်တော်ကျခဲ့တယ်” ဟုကိုကျော်ကပြောသည်။
ကိုကျော်သည် ထောက်(၅)နှစ်ကျပြီးနောက် ပြန်လွတ်မြောက်လာသည့်အချိန်တွင် (၆)လလောက် မူးယစ်ဆေးမသုံးစွဲပဲ မိသားစုနှင့်အတူ အကောင်းဆုံးပြန်နေနိုင်ခဲ့သော်လည်း နောက်တွင် ဆေးကို နဂိုတိုင်း ပြန်သုံးစွဲလာခဲ့သည်။
ကိုကျော်၏ ဇနီးသည်ဖြစ်သူ ဒေါ်နန်းဖြူ(နာမည်လွဲ)သည် ခင်ပွန်းသည်နှင့်ပေါင်းလာတာ အိမ်ထောင် သက်တမ်း(၂၀)ကျော်လာပြီးဖြစ်သလို သားသမီးလည်း လေးယောက်အတူရခဲ့ပြီးဖြစ်သည့်အတွက် အမျိုးသားဖြစ်သူ မူးယစ်ဆေးဝါးနွမ်ထဲ နစ်နေခြင်း အချိန်ကြာလာသည်ကိုကြည့်ပြီး စိတ်မကောင်း ဝမ်းနည်းမိသလို ခင်ပွန်းသည်ကို သနားမိကြောင်းနှင့် မူးယစ်ဆေးကိုဆက်မသုံးစွဲစေချင်ကြောင်း ပြောဆို ခဲ့သည်။
“သူ့ကိုလူကောင်းဖြစ်စေချင်တယ်၊ ဆေးမသုံးစွဲ့နဲ့အဲလိုပေါ့ အလုပ်မလုပ်ချင်နေ ကောင်းကောင်းနေ လူကောင်းဖြစ်ရင်ရပြီပေါ့ အဲ့လိုဖြစ်စေချင်တယ်၊ အခုက သူဖြတ်ချင်တဲ့စိတ်ရှိတယ်တဲ့ တကယ်လို့များ သူဖြတ်ရင် ကျွန်မအားပေးတယ်၊ ဖြတ်လည်းဖြတ်ပေးချင်တယ် ပိုက်ဆံတတ်နိုင်ရင်ပေါ့” ဟုဘေးတွင် ထိုင်နေသည့်ခင်ပွန်းသည်ကိုသနားသောအကြည့်ဖြင့် ကြည့်ရင်းပြောဆိုခဲ့သည်။
အိမ်သုံး မီးဖိုချောင်ထဲပြေလည်အောင်ဖြည့်သော်လည်း ခင်ပွန်းသည်အတွက် မပြေလည်ကြောင်းနှင့် ခင်ပွန်းသည်အတွက်ပြေလည်စေရန်လုပ်ပေးတော့လည်း စားဝတ်နေရေး အဆင်ပြေတော့ကြောင်း အခက်ခဲ များစွာဖြင့် ဆေးသမားကိုကျော်နှင့် အတူရှင်သန်နေရကြောင်း ဇနီးသည် ဒေါ်နန်းဖြူက ဆက်ပြောသည်။
၎င်းကိုကျော်တို့မိသားစု (၆)ယောက်ရှိသည်ကို အိမ်၏စားဝတ်နေရေးဖြေရှင်းရာတွင် ဇနီးသည်ဖြစ်သူ၌ ကြုံရာကျပန်းအလုပ်ဖြစ်သည့် ရပ်ကွက်အတွင်းဈေးလိုက်ရောင်းခြင်း၊ သူများအဝတ်လိုက်လျော်ခြင်း စသည်ကို ပြုလုပ်ရသလို သားဖြစ်သူသုံးယောက်သည်လည်း နေ့စားပန်းရံအလုပ်လိုက်ကာ မိသားစု စားဝတ် နေရေးကို မိခင်နှင့်အတူ ရုန်းကန်နေရပြီး ကိုကျော်တစ်ယောက်က အလုပ်အကိုင်မယ်မယ်ရရ မရှိခဲ့ပေ။
သို့သော်ကိုကျော်တစ်ယောက်ဆေးသုံးစွဲရာတွင် ထမင်းနှင့်ထပ်တူ မနက်၊ နေ့၊ ညတစ်ရက်လျှင် (၃)ကြိမ် သုံးစွဲနေသည့်အတွက် ပျှမ်းမျှတစ်ရက်လျှင် ငွေ ၂၀၀၀၀(နှစ်သောင်း)ကျပ်ကုန်ကျကြောင်း ကိုကျော် ကိုယ်တိုင် ပြောဆိုသည်။
“တစ်ရက်ကိုကျွန်တော်သုံးကြိမ်ချတယ်၊ မနက်ရော၊ နေ့ရော၊ ညရော ခုကတကြိမ်ကို အနည်းဆုံး ခန့်မှန်းတာပေါ့ဗျာ ၃၀၀၀ ဖိုး ၄၀၀၀ ထောင်ဖိုးလောက်ကုန်တယ်ဗျာ့၊ ကျွန်တော်တို့ဆေးသမားနယ်ပယ်မှာက တစ်ထောင်တန်တစ်ရွက် (မူးယစ်ဆေးတစ်မျိုး၏အခေါ်အဝေါ်ကိုဆိုလိုသည်)ကို ၂၀၀၀၀ (နှစ်သောင်း) ကျပ်ပေးဝယ်ရတယ်၊ အဲ့ဒါနဲ့လှည့်ပတ်တယ်ဗျာ့၊ ကြံဖန်ပြီးတော့ပေါ့ အဲ့လိုနဲ့ တစ်သောင်းလောက်ပဲ ပြန်ကျတယ်၊ မဟုတ်ရင် မလောက်ဘူး” ဟု သူကဆက်ပြောသည်။
ကိုကျော်သည် သူ့သူငယ်ချင်း ဆေးစွဲသူအချင်းချင်း ဆေးဖြတ်ကြဖို့ တိုင်ပင်ခဲ့ကြသော်လည်း မအောင်မြင်ခဲ့ပါ။ လမ်းမှားပေါ်မှရုန်းထွက်စိတ်ရှိနေသော်လည်း မူးယစ်ဆေးနွမ်ထဲနစ်တထက်နစ်နေခြင်း ဘဝပျက် လူဖြစ်ရှုံး နေခြင်းကို နောင်တရနေကြောင်းပြောဆိုနေကြသည်။ မူးယစ်ဆေးကို ဖြတ်ချင်သော်လည်း မဖြတ်နိုင်သည့် အကြောင်းရင်းသည် နမ့်စန်မြို့၌ မူးယစ်ဆေးဝါးနှင့်ပတ်သက်ပြီး အလွယ်တကူရနေခြင်းကြောင့်လည်း ဖြစ်သည်ဟုသိရသည်။
“ဒီဆေးနယ်ပယ်မှာ ကျွန်တော့်သူငယ်ချင်းဆယ်ယောက်၊ ဆယ့်ငါးယောက်လောက်ရှိပါတယ်၊ ကျွန်တော်တို့ အချင်းချင်းပြောတဲ့စကားရှိတယ်၊ ငါတို့စုပေါင်းဆေးဖြတ်ကြရအောင် ကောင်းမှမကောင်းတာကွာပေါ့ ငါတို့ လမ်းမှားနေပြီလို့ လမ်းမှားပေါ်ရောက်နေတာပဲ ဖြတ်ကြည့်ပြီး မဖြတ်နိုင်ရင်လည်း မဖြတ်နိုင်တာပေါ့ဗျာလို့ ဖြတ်နိုင်အောင်တော့ ကြိုးစားရမှာပေါ့လို့ ဆိုပြီးကျွန်တော်တို့အချင်းချင်းတိုင်ပင်ဖြစ်ကြပါတယ်” ဟုပြော သည်။
နမ့်စန်မြို့အတွင်း မူးယစ်ဆေးဝါးများ အလွယ်တကူရနေခြင်းသည် ၎င်းနယ်ပယ်ရှိ စစ်ကောင်စီ လက်အောက် ခံ ပြည်သူ့စစ်ထံမှ စီးဆင်းလာနေခြင်းကြောင့်ဟု ဒေသခံပြောပြချက်အရသိရသည်။ ထို့အပြင် ချမ်းသာသည့် အသိုင်းအဝန်းကနေမှတစ်ဆင့်လည်း စီးဆင်းနေကြောင်းသိရသည်။
“ကျွန်တော်အထင် ရှင်းရှင်းပြောရင်တော့ လက်နက်ကိုင်ရှိတရွေ့ မူးယစ်ဆေးကရှိမှာပဲ ဒါကပွင့်ပွင့် လင်းလင်း ပြောပြတာပဲလေ၊ လက်နက်ကိုင်တွေက သူတို့ရှိရင်တော့ထွက်မှာပဲ၊ ကိုင်းဖြားကိုင်းနားတော့ရှိမှာပဲလေ၊ လက်နက်ကိုင်မရှိရင် ဒီလမ်းစဉ်လည်းပျောက်သွားမှာပေါ့”ဟု နမ့်စန်ဒေသခံ အမျိုးသားတစ်ဦးကပြောသည်။
နမ့်စန်မြို့ မူးယစ်ဆေးဝါးမျိုးစုံ ပျံ့နှံ့နေခြင်း အသွင်ကျယ်နေခြင်းသည် မူးယစ်ဆေးဝါး ရောင်းဝယ် တင်သွင်း သည့်အဖွဲ့နှင့် မြို့တွင်းရှိလက်နက်အဖွဲ့များ ချမ်းသာသည့် အသိုင်းအဝန်းများတို့ လာဒ်ပေးလာဒ် ယူလုပ်ပြီး တင်သွင်းနေကြကြောင်းဒေသခံများကပြောသည်။ လာဒ်ပေးလာဒ်ယူလုပ်ရာတွင် ပိုက်ဆံနှင့်လာဒ်ထိုး ခြင်းအပြင် မူးယစ်ဆေးများနှင့်လည်းအချင်းချင်း လာဒ်ထိုးပြီး တင်သွင်းနေကြောင်း အမည်မဖော်လိုသည့် ဒေသခံအမျိုးသမီးတစ်ဦးကဆိုသည်။
ကိုကျော်တစ်ယောက်သည် ဆေးဖြတ်နိုင်ရန် ဆေးဖြတ်ပေးမည့် အဖွဲ့အစည်းကိုမျော်လင့်နေခဲ့သည်။ ထို့အပြင်မိမိဘဝနှင့်ရင်းပြီး မူးယစ်ဆေးနွမ်ထဲနစ်နေသည်ကို နမ့်စန်မြို့ရှိလူငယ် ဆယ်ကျော်ကလေးများအပါ သူ့လိုလမ်းမှားရောက်ပြီး ဘဝမပျက်ရလေအောင် တာဝန်လူကြီးများ အဖွဲ့အစည်းများကိုအသိပေးစကား လည်း ပြောဆိုခဲ့သည်။
“ကျွန်တော့်ရင်ထဲပြောချင်တာကတော့ ဒီဟာကိုလုံးဝမထိဖို့ မလုပ်ဖို့ပေါ့နော်၊ လူငယ်တွေကို အဓိကပြောချင် တာပါ။ ဘာလို့ဆို ကျွန်တော်ကိုယ်တိုင်ခံစားရတာမို့ပါ ထောင်ထဲမှာလည်းခံစားဖူးလို့ပါ၊ နောက်လူကြီးတွေ တာဝန်ရှိ ပုဂ္ဂိုလ်တွေကိုပြောချင်တယ်ဗျာ၊ ဆုံးမပေးပါ တားဆီးပေးပါလို့ပြောချင်တယ်၊ သူတို့အနေနဲ့ မကောင်းတာလေးတွေ ဆေးရဲ့ဆိုးကျိုးလေးတွေ ဆွေးနွေးပေးဖို့ ဟောပြောပေးဖို့ အသိပညာပေးဖို့ပေါ့ဗျာ၊ ဒါဆိုကလေးတွေလည်း နည်းနည်းအသိတရားရလာမယ်လို့ ကျွန်တော်ယုံကြည်တယ်”ဟုကိုကျော်က လူငယ်များ သူ့လိုမဖြစ်ဖို့ ပြောသည်။
မူးယစ်ဆေးဖြတ်နိုင်ခဲ့သည့် ဆေးသမားအသိုင်းအဝန်းမှ ကိုအောင်ကြီး(နာမည်လွဲ) တစ်ယောက်က “ကျွန်တော် ဖြတ်နိုင်တာတော့(၃)နှစ်လောက်ရှိပြီ ရှေ့ဆက်ကောင်းကောင်းနေမယ်၊ မိဘတွေ ဒုက္ခမပေး တော့ဘူးပေါ့၊ အလုပ်လည်းကောင်းကောင်းလုပ်မယ်ပေါ့ ကောင်းတဲ့မိတ်ဆွေကိုပဲ ရှာပေါင်း မယ်ပေါ့အဲလို့ မဖြတ်နိုင်သေးတဲ့သူငယ်တွေကိုပြောချင်တာကတော့ အားမလျှော့နဲ့ပေါ့ တစ်ခါဖြတ်လို့ မရလည်းနောက် တစ်ခါထပ်ဖြတ် လဲကျတိုင်းပြန်ထဖို့ ဇွဲမလျော့နဲ့လို့ပြောချင်တယ်၊ မိဘမျက်နှာ မိသားစုမျက်နှာ ပတ်ဝန်းကျင် မျက်နှာ ကိုထောက်ပါ ငှဲ့ညာပါလို့ပြောချင်တယ်”ဟုဆိုသည်။
လူကိုယစ်မူးရူးသွပ်စေတတ်သော ဆေးဝါးမျိုးစုံစီးဆင်းနေသည့် နမ့်စန်မြို့သည် မူးယစ်ဆေးဝါး၏ ဆိုးကျိုး ကြောင့် ခိုးဆိုးလုယက်မှုလည်း နဂိုထက်ပိုမိုပြီးများပြားလာသည်။ နမ့်စန်မြို့သည် အစိုးရပိုင်းဆိုင်ရာရုံးများ၊ ရဲစခန်းများ အပြည့်အစုံရှိနေသော်လည်း တရားဥပဒေစိုးမိုးမှုမှာလည်း ယိုယွင်း ပျက်စီးနေသည်။
အနာဂတ်ဝေဝါးနေသည့် ကိုကျော်တစ်ယောက်သည် မူးယစ်ဆေးဝါး နွမ်ထဲနစ်တထက်နစ်ပြီး ဘယ်လိုရုန်း ရုန်း နစ်ဆဲနစ်နေလေသည့်အတွက် ရှေ့ဆက်သူ၏ ကျန်ရှိနေသည့်သက်တမ်းကို လမ်းပျောက်နေဆဲဖြစ်နေ သည်။ ထိုအပြင်ပတ်ဝန်းကျင်၏ ခွဲခြားဆက်ဆံမှု ပတ်ဝန်းကျင်၏သံသယမကင်းသော အကြည့်မျိုးစုံနှင့် လူသူများကြား နေမထူး သေမထူးဟု သမုတ်ခံရသည့်ကိုကျော်သည် အချိန်တစ်ခုထိ သူ၏မိသားစုပါ သူ့ကိုအပိုလူဟုဆိုကာ ပယ်လေမလားနှင့် ယူကြုံးမရအတွေးများထောင်ချီ အသက်ဆက်ရှင်နေရလေသည်။
K.မွန်း