ခမ်းသားငေါဝ်း
ဇူလိုင် ၄၊ ၂၀၂၄

Eleven Media အယ်ဒီတာချုပ်ဟောင်းဦးဆောင်လာသည့် မူးယစ်ဆေးဝါးဂိုဏ်းအဖွဲ့အား စစ်ကောင်စီလက်အောက်ရဲတပ်ဖွဲ့က ဖမ်းမိခဲ့ကြောင်းဇူလိူင်လ ၄ ရက်နေ့တွင် သိရသည်။

မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇွန် ၂၅ ရက် မနက် ၇ နာရီတွင် နေပြည်တော်ကောင်စီနယ်မြေ၊ လယ်ဝေးမြို့နယ်၊ ရန်ကုန်-မန္တလေးလမ်းဟောင်း၊ တောင်စဉ်အေးစစ်ဆေးရေးစခန်းတွင် ပျဉ်းမနားဘက်မှ ရေနီဘက်သို့ ဇေယျာကျော် မောင်းနှင်ပြီး ဟိန်းကျော်မင်း လိုက်ပါလာသည့် LIGHT TRUCK မော်တော်ယာဉ်ကို သတင်းအရရှာဖွေရာ ဒေသကာလ တန်ဖိုးငွေကျပ် ၂၀ ဒသမ ၁၆ ဘီလီယံတန်ဖိုးရှိ စိတ်ကြွရူးသွပ် ဆေးပြား ၁၃ ဒသမ ၄၄ သန်း စတင်သိမ်းဆည်းရမိခဲ့ကြောင်းသိရသည်။

ထို့နောက် စစ်ဆေးဖော်ထုတ်ချက်များအရ အဆိုပါ စိတ်ကြွရူးသွပ်ဆေးပြားများကို ကလောမှ ပျော်ဘွယ်သို့ သယ်ဆောင်ရာ၌ ပူးပေါင်းပါဝင်သူများဖြစ်ကြသည့် မြတ်ပိုင်သူ၊ ဖြိုးစည်သူဟိန်းနှင့် အောင်အောင်(ခ)အောင်ကြီးတို့ ၃ ဦးကို ရမည်းသင်းမြို့နယ်၊ တွင်းကျေးရွာအနီးတွင် သယ်ဆောင်ခဲ့သည့် NISSAN BOX မော်တော်ယာဉ်တစ်စီးနှင့် လည်းကောင်း၊ စိတ်ကြွရူးသွပ်ဆေးပြားများ သယ်ဆောင်ရာတွင် ပူးပေါင်းပါဝင်သည့် နွယ်နီသင်း၊ ရဲဒွေးလှိုင်(ခ)ဗလနှင့် မြင့်အောင်တို့ ၃ ဦးအား ပျဉ်းမနားမြို့၊ ရွာကောက်ရပ်ကွက်ရှိ မိုတယ်တွင် TOYOTA WILL မော်တော်ယာဉ်တစ်စီး၊ TOYOTA ESTIMA မော်တော်ယာဉ်တစ်စီးနှင့် လည်းကောင်း၊ မူးယစ်ဆေးဝါးများ သယ်ဆောင်ရာတွင် စီမံဆောင်ရွက်သူ Eleven Media အယ်ဒီတာချုပ်ဟောင်းဝေမင်းဖြိုး(ခ)အုန်းအုန်းနိုင်အား ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ (၁)ရပ်ကွက်တွင် လည်းကောင်း၊ အသီးသီးဖမ်းဆီးရမိခဲ့ကြောင်းသိရပါသည်။

ယခုတွင် စီအံဆောင်ရွက်သူ Eleven Media အယ်ဒီတာချုပ်ဟောင်း ဝေမင်းဖြိုးအပါအဝင် ဇေယျကျော်၊ ဟိန်းကျော်မင်း၊ မြတ်ပိုင်သူ၊ ဖြိုးစည်သူဟိန်း၊ အောင်အောင်၊ နွယ်နီသင်း၊ ရဲဒွေးလှိုင်နှင့် မြင့်အောင်တို့ကိုလယ်ဝေးမြို့နယ် ရဲစခန်းတွင် မူးယစ်ဥပဒေဖြင့် စစ်ဆေးလျက်ရှိကြောင်းသိရသည်။

#PPV005

You missed