ခမ်းသားငေါဝ်း
မတ် ၂၈၊ ၂၀၂၄

လက်နက်ကြီးပစ်ခတ်မှုနှင့် စစ်ကောင်စီတပ်ကျူးလွန်မှု ကြောင့် မတ်လအတွင်း မြန်နိုင်ငံတစ်ဝန်းလုံးရှိ အမျိုးသမီး ၆၁ ဦးသေဆုံးခဲ့ရသည်ဟု နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP က မတ်လ၂၇ ရက်တွင်ထုတ်ပြန်ထားသည်။

၂၀၂၄ ခုနှစ် မတ်လ ၁ ရက်နေ့မှ ၂၇ ရက်နေ့အထိ တစ်နိုင်ငံလုံးရှိသေဆုံးရသည့် အမျိုးသမီးအရေအတွက်ဖြစ်ပြီး အသက် ၁၈ နှစ်အောက်သေဆုံးသူ(၁၆)ဦးနှင့် အသက် ၆၀ အထက် သေဆုံးသူ(၁၀)ဦးရှိနေကာ ယင်း (၆၁) ဦးအနက် ရခိုင်ပြည်တွင်သေဆုံးသူ(၂၂)ဦးဖြစ်ပြီးကျန်(၂၉)ဦးမှာစစ်အုပ်စု၏လက်နက်ကြီးဖြင့်ပစ်ခတ်မှုကြောင့် သေဆုံးရသည်ဟု ဖော်ပြထားသည်။

ထို့အပြင် နွေဦးတော်လှန်ရေးနှင့်ဆက်စပ်၍ သေဒဏ် ချမှတ်ခံရပြီး အကျဥ်းထောင်များတွင်ထိန်းသိမ်းခံရသူစုစုပေါင်း (၁၂၃)ဦးရှိပြီး မျက်ကွယ်သေဒဏ်ချမှတ်ခံရသူ ၄၃ ဦးရှိကာ သေဒဏ် ချမှတ်ခံထားရသူစုစုပေါင်း (၁၆၆) ဦးရှိနေသည်ဟုAAPP အချက်အလက်အရ သိရသည်။

ဖမ်းဆီခံရပြီး ပြန်လည်လွတ်မြောက်လာသူဦး ရေမှာ (၆၁၇၂)ဦး ရှိနေကြောင်းလည်း ထုတ်ပြန်ချက်တွင်ပါရှိသည်။

နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရသည့်ဒီမိုကရေစီလှုပ်ရှားသူနှင့် ပြည်သူစုစုပေါင်း (၄၇၉၁) ဦးရှိပြီဖြစ်သည်။

ယင်းအချက်အလက်များသည် AAPP မှ လက်လှမ်းမီသမျှကောက် ယူရရှိထားသည့် အရေအတွက်ဖြစ်ပြီး မြေပြင်တွင်ဖြစ်ပွားနေသည့်သတင်းအချက်အလက်မှာ ယခုထက်ပိုမိုများနိုင်ကြောင်း ထည့်သွင်းဖော်ပြထားပါသည်။

PPV008

You missed