ခမ်းသားငေါဝ်း
မတ် ၂၊ ၂၀၂၄

ဆီဆိုင်မြို့တွင်းသို့ ပစ္စည်းများ ပြန်ယူစဉ် ဒရုန်းဖြင့် ဗုံးကြဲခံရပြီး ဒဏ်ရာရသူတစ်ချို့ ဆေးကုသခွင့်မရနေကြောင်း မိသားစုဝင်ထံက သိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့တွင်းသို့ ဖေဖော်ဝါရီလ ၁၆ ရက်နေ့တွင် မြို့တွင်း ပစ္စည်း ပြန်သယ်သည့် ဒေသခံများဒရုန်းဖြင့် ဗုံးကြဲခံရပြီး ကလေးငယ်နှစ်ဦးအပါအဝင် ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး တောထဲတွင် စစ်ဘေးရှောင်နေကြသဖြင့် ဆေးဝါးကုသရန် အခက်ခဲရှိနေခြင်းဖြစ်ကြောင်း သိရသည်။

“ဗုံးစအထဲမှာ ခံနေတဲ့တစ်ယောက်က အခုဆိုသွေးလည်းအန်နေတယ်။ ဗုံးစရဲ့ အဆိပ်ပြန့်နေတယ်လို့ပြောတယ်။ တောထဲမှာပဲဆိုတော့ ဆေးက ရှိပေမယ့် ဆေးစုံမရှိဘူး။ သူတို့ အတူတူဒဏ်ရာရကြတာ တစ်ချို့ကတောင်ကြီးမြို့ပေါ် ဆေးတက်ကုပေမယ့် သူကအခက်ခဲအမျိုးမျိုးကြောင့်မတက်ကုရဘူး”ဟု နီးစပ်သူမိသားစုဝင်တစ်ဦးက ပြောသည်။

ဒဏ်ရာရရှိသူများသည် နောက်ကျေားဗုံးစထိမှန်သူနှစ်ဦးဖြစ်ပြီး တစ်ဦးသည် ဆေးကုသခွင့်ရရှိပြီး တစ်ဦးသည် ဗုံးစ နောက်ကျေားထဲ ခံနေကာ ထုတ်မရသည့်အပြင် ဆေးနီ တစ်ခုဖြင့်သာ ကုသနေရသလိုဦးခေါင်းကို လက်နက်ကြီးစ ထိမှန်ထားသော ကလေးတစ်ဦးလည်း ဆေးကုခွင့်မရကြောင်း၎င်းကဆက်ပြောသည်။

ဆီဆိုင်၊ဟိုပုံး၊လွိုင်လင် မြို့နယ်တို့တွင်ဆိုက်တိုက်ပွဲဖြစ်ပွားသည့် တစ်လကျော်အတွင်း စစ်ကောင်စီလက်နက်ကြီး၊ လေကြောင်း၊ ဒရုန်းဖြင့် တိုက်ခိုက်ခြင်းကြောင့် ဒေသခံ ၄၀ ဦးသေဆုံးခဲ့ပြီး ၅၁ ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ပအိုဝ်းလူငယ်အစည်းအရုံး PYO ထုတ်ပြန်ချက်အရ သိရသည်။

ယခုဆီဆိုင်မြို့တွင် စစ်ကောင်စီဖက်လက်နက်ကြီး၊လေကြောင်း၊ဒရုန်းများဖြင့် တိုက်ခိုက်နေဆဲဖြစ်ပြီး မိဘပြည်သူများအနေဖြင့်လည်း နေအိမ်ပြန်ကြည့်ခြင်း၊ပစ္စည်းပြန်သယ်ခြင်းများ မပြုလုပ်ကြရန်လည်း ပအိုဝ်းအမျိုးသားလွှတ်မြှောက်ရေးတပ်မတော် PNLAက ထုတ်ပြန်သတိပေးထားပါသည်။

PPV005

You missed