ခမ်းသားငေါဝ်း၊ မတ်၇၊ ၂၀၂၃
ရှမ်းပြည်တောင်ပိုင်း၏ ဒေသထွက်ကုန်တစ်ခုအဖြစ်ရပ်တည်လျှက်ရှိသော မိုးလွတ်ရွှေဖီဦး ရွက်နုသစ်မှာ ယခုထွက်ရှိချိန်အစတွင် စျေးကောင်းရရှိနေပြီး ဝယ်ယူလိုသူများနေကြောင်း မတ်လ ၇ရက် တွင် သိရှိရသည်။
ရွှေဖီမိုးလွတ်လက်ဖက်များကို နှစ်စဥ် တန်ခူးလဆန်းပိုင်းမှစ၍ စတင်ခူးယူနေလျှက်ရှိနေပြီး ကဆုန်လပြည့်ကျော် မိုးရာသီဝင်သည်အထိ လက်ဖက်စိုများ၊ လက်ဖက်ခြောက်များ ထုတ်လုပ်ကာ အနယ်နယ်အရပ်သို့ တင်ပို့ရောင်းချကြသည်။
” အခုက လက်ဖက်ရွက်နုရတဲ့သူ နည်းနေသေးတယ် ရွှေဖီချိန်ဆိုတော့ လက်ဖက်စိုထက် လက်ဖက်ခြောက်ကို များများထုတ်လုပ်ထားကြပါတယ် ဝယ်ယူသူအနေဖြင့်ကော ရွှေဖီဦးလက်ဖက်ခြောက်ဆိုပိုနှစ်သက်ကြတယ်ဆိုတော့ ယခုချိန်ကလက်ဖက်စိုက်ပျိုးတောင်သူတွေအနေဖြင့် နှစ်မျိုးစလုံး စျေးရရှိတဲ့ကာလတွေ ဖြစ်တယ်” လို့ ရွာငံမြို့နယ်ရှိ လက်ဖက်စိုက်ပျိုးတောင်သူ တစ်ဦးကလည်းပြောပါသည်။
ရွာငံဒေသတွင် လက်ရှိရွှေဖီဦးလက်ဖက်ရွက်နုသစ် အရွက်စိမ်း တစ်ပိဿာ မှာ ၁၇၀၀ကျပ် ၊ လက်ဖက်စို တစ်ပိဿာ၂၈၀၀ကျပ်၊ လက်ဖက်ခြောက်တစ်ပိဿာ ၇၀၀၀ကျပ် နှင့် အော်ဂဲနစ်လက်ဖက်ရွက်စိမ်း တစ်ပိဿာ ၂၇၀၀ကျပ် တို့ဖြင့် ဒေသပေါက်စျေးရှိကြောင်း သိရပါသည်။
” လက်ဖက်ဝယ်တဲ့သူတွေက ရှိနေပြီ ဒါမဲ့ရောင်းတဲ့သူကသိပ်မရှိသေးဘူး လက်ဖက်ရွက်နုတွေက အိမ်တိုင်းလိုလို သိပ်မရှိကြသေးဘူး အနုသေးသေးလေးတွေရှိနေဆဲ မကြာခင် ရွှေဖီဦးလက်ဖက်တွေခူးဆွတ်ရတော့မယ် စျေးကတော့အခုကောင်းနေပါတယ်” လို့ ပင်လောင်းဒေသခံ လက်ဖက်စိုက်ပျိုးသူတစ်ဦးကလည်း ခမ်းသားငေါဝ်းသို့ ပြောဆိုပါသည်။
ပင်လောင်းဒေအတွင်း လက်ဖက်ရွက်စိမ်း ဈေးနှုန်းမှာ တစ်ပိဿာ ၁၅၀၀ကျပ်၊ လက်ဖက်အစို အသင့်စား တစ်ပိဿာ ၈၀၀၀ကျပ်နှင့် လက်ဖက်ခြောက် တစ်ပိဿာ ၆၀၀၀ကျပ် ရှိသည်။
ရှမ်းတောင်ထွက် လက်ဖက်များကို အောင်ပန်းမြို့ ၊ မန္တလေးမြို့မှ တစ်ဆင့် အနယ်နယ်အရပ်သို့ တင်ပို့ရောင်းချပြီး လက်ဖက်အဝယ်ဒိုင်များထံမှယခုနှစ်သစ်လက်ဖက်များ ရောက်ရှိလာမှုနည်းပါသေးကြောင်း သိရှိရသည်။
ယခင်နှစ် ရှမ်းတောင်ထွက်လက်ဖက်စျေးကွက် ရွှေဖီဦးကာလအတွင်းမှာ ဝယ်လိုအားစျေးကွက် ၊ ရောင်းလိုအားစျေးကွက်ဖြင့် စိုက်ပျိုးတောင်သူများအတွက် တွက်ခြေကိုက်ခဲ့ပြီး ယခုနှစ်လက်ဖက်စျေးကွက်သည်လည်း စျေးကွက်အပြောင်းအလဲ အတက်အကျရှိ နိုင်ကြောင်း သိရသည်။