ခမ်းသားငေါဝ်း
နိုဝင်ဘာ ၁၆၊၂၀၂၃
စစ်ရှောင် ၄၀၀ ကျော်အတွက် နေရာထိုင်ခင်း၊ ဆေးဝါး၊ အဝတ်အစား၊ ခြင်ထောင်၊ စောင်များ အရေးပေါ်လိုအပ်နေကြောင်း KHAI ထံမှ သိရသည်။
လွိုင်ကော်မြို့တွင် ၁၁၁၁ စစ်ဆင်ရေး စတင်ပြီး နောက် ခန့်မှန်းစစ်ရှောင်များ နှစ်သောင်းခန့်ရှိပြီး KHAI အဖွဲ့မှ စစ်ရှောင်ဦးရေး ၄၀၀ ကျော်ကယ်ထုတ်ကာ လုံခြုံသည့်နေရာသို့ ပို့ဆောင်ထားနိုင်ပေမဲ့ စစ်ရှောင်များအတွက် လိုအပ်ချက်များ ရှိနေသေးကြောင်း သိရသည်။
KHAI အနေဖြင့် ပိတ်မိနေသည့် စစ်ရှောင်များကို ကူညီကယ်ထုတ်ရာတွင် စစ်ကောင်စီလမ်းကြောင်းပိတ်ထားမှုများကြောင်း အဟန့်အတားဖြစ်စေပြီး စစ်ရှောင်အမျာစုရှိသည့်အထဲထိ မဝင်နိုင်ဘဲအခက်အခဲကြုံတွေ့နေရကြောင်း ပြောဆိုသည်။
“မနေ့ကဆိုရင် ကျွန်တော်တို့ပိတ်မိနေတဲ့စစ်ရှောင်ကိုသွားကယ်ထုတ်တာ စစ်ကောင်စီက လေကြောင်းနဲ့လိုက်ပစ်တာခံရတယ် လူတော့ထိခိုက်မှုမရှိဘူး” ဟု KHAI မှ ပြောသည်။
အရေးပေါ်သွားရောက်ကူညီသူများအနေဖြင့် ကားယဉ် ဓာတ်ဆီများ လိုအပ်နေကြောင်း ၄င်းက ဆက်ပြောသည်။
ယခုအချိန်ထိတိုက်ပွဲအတွင်း ပိတ်မိနေသော ကရင်နီပြည်သူများလည်း လွိုင်ကော်တွင် ရှိနေဆဲဖြစ်ကြောင်း သိရသည်။
လွိုင်ကော်ဒေသခံတစ်ဦးကလည်း “ညီမတို့နားဆို တော်လှန်ရေးအဖွဲ့က ထောင်ကိုသိမ်းနိုင်တော့ စစ်ကောင်းစီကတော့အငြိုးနဲ့ လက်နက်ကြီးတွေနဲ့ ဆက်တိုက်ပစ်နေတာ ညီမတို့လည်း အခုထိဗုံးခိုကျင်းထဲနေရတာ စိုးရိမ်တာက ယမ်းစတွေ ထိမှန်မှာကြောက်တာ”ဟု ပြောသည်။
လက်ရှိတွင် ကရင်နီလူသားချင်းစာနာထောက်ထားရေးကူညီအဖွဲ့ KHAI အနေဖြင့် လွိုင်ကော်အတွင်း ပိတ်မိနေသောစစ်ရှောင်များအား ယနေ့အချိန်ထိ မိတ်ဖက်အဖွဲ့အစည်းများနှင့်ပူးပေါင်းပြီး နေ့စဉ်ကူညီကယ်ထုတ်ပေးနေကြောင်း ဆိုသည်။
ပုံက KHAI ကရင်နီလူသားချင်းစာနာထောက်ထားရေး ကူညီရေးအဖွဲ့

Leave a Reply

Your email address will not be published. Required fields are marked *

You missed