ခမ်းသားငေါဝ်း
နိုဝင်ဘာ ၉၊၂၀၂၃
ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့လယ်ဘုရားဝန်းတွင် စခန်းချနေသည့် စစ်ကောင်စီတပ်နှင့် ပြည်သူ့စစ်များအား တအာင်းတပ်မတော် TNLA မှဝင်စီးပြီး စစ်သုံ့ပန်း ၁၇ ဦး ဖမ်းဆီးခဲ့ကြောင်းနမ့်ခမ်းမြို့ခံတစ်ဦးက ပြောဆိုသည်။
စစ်ကောင်စီတပ်သား နှင့်ပြည်သူ့စစ်များထံမှ လက်နက်ခဲယမ်းများ စစ်ပစ္စည်းအသုံးအဆောင်များ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
“အရှင် ၁၇ ယောက်မိတယ်လို့ပြောတယ်။ ပစ်ခတ်နေတုန်းပါ၊နမ့်ခမ်းရှိ စစ်ကောင်စီစခန်းကြီးတစ်ခုသိမ်းရဖို့ TNLAကြိုးပမ်းနေတယ်။ မနေ့ညထိတော့ကြားရတယ်” ဟု နမ့်ခမ်းမြို့ခံအမျိုးသမီးတစ်ဦးကပြောသည်။
နမ့်ခမ်းမြို့အမျိုးသားတစ်ဦးကလည်း” လက်ရှိက စစ်ကောင်စီနှင့်ဆက်စပ်တဲ့ဟာ အကုန်လိုက်သိမ်းနေတယ်။ ဘုရားမှာရှိတဲ့ စစ်တပ်သားတွေကို အပြတ်ရှင်းလိုက်တယ်လို့ကြားတယ်။ ခုကျွန်တော်တို့က မြို့ထဲမနေပဲရှောင်နေရတာ”ဟု ပြောသည်။
နမ့်ခမ်းမြို့လယ်ဘုရားတွင် စခန်းချသည့်စစ်ကောင်စီတပ်နှင့်ပြည်သူ့စစ်ကို TNLAတပ်က ပြီးခဲ့သည့် နိုဝင်ဘာ(၆)ရက်နေ့က စတင်တိုက်ခိုက်ပြီး နိုဝင်ဘာ (၇)ရက်နေ့ နံက်ပိုင်း ၅ နာရီခွဲအချိန်တွင်အပြီးသတ်ရှင်းလင်းနိုင်ခဲ့ကြောင်း သိရသည်။
နိုဝင်ဘာလပထမပတ်ကျော်အတွင်း နမ့်ခမ်းမြို့ကိုထိန်းချုပ်နိုင်ရန် TNLA တပ်မှ စစ်ကောင်စီတပ်စခန်းများ၊ တရားရုံးများ၊ ဌာနဆိုင်ရာရုံးများကို ဝင်တိုက်ခိုက်ပြီး သိမ်းဆည်းရရှိသည်များရှိနေသလို လက်ရှိတွင်လည်း အပြန်အလှန်ပစ်ခတ်တိုက်ခိုက်မှုများရှိနေကြောင်း ဒေသခံများက ပြောဆိုသည်။