ခမ်းသားငေါဝ်း
အောက်တိုဘာ ၂၆၊၂၀၂၃
စစ်ကောင်စီတပ်သားများသည် အရပ်သားပြည်သူနေအိမ်တွင် စစ်ဆေးဂိတ်ဖွင့်တပ်စွဲထားသဖြင့် မိသားစုဝင်များက ကျေးရွာဘုန်းကြီးကျောင်းသို့ ပြောင်းရွှေ့နေထိုင်​​​ရကြောင်း ပြောင်းရွှေ့နေထိုင်မိသားစုနှင့် နီးစပ်သူတစ်ဦးပြောပြချက်အရ သိရသည်။
ရွာငံမြို့နယ် ဘော်ရေဦးကျေးရွာမှ သိမ်ကုန်းကျေးရွာ သွားလမ်းမပေါ်ရှိ ဒေါ်နွဲ့ဦးနေအိမ်အား စစ်ကောင်စီတပ်သားများက ‌အောင်တိုဘာလ ၂၁ နေ့မှစပြီး ဂိတ်ဖွင့်တပ်စွဲထားကြောင်း စုံစမ်းသိရှိရပါသည်။
“အခုက သူတို့ရဲ့နေအိမ်မှာ မနေရဘူး ဒီတိုင်းမပြောမဆိုပဲ လာတပ်စွဲဂိတ်ဖွင့်တယ် စစ်သားတွေက” ဟု အဆိုပါမိသားစုနှင့် နီးစပ်သူတစ်ဦးက ခမ်းသားငေါဝ်းကို ပြောပါသည်။
စစ်ကောင်စီတပ်သားသည် အဆိုပါဒေသနှင့် လမ်းသွားလမ်းလာ ဒေသခံများကို စစ်ဆေးသည့်ဂိတ်ထားရှိပြီး ဒေသခံများအား ခြိမ်းခြောက်ခြင်း၊ ကန်ကျောက်ခြင်း တင်းကြပ်စစ်ဆေးနေကြောင်း သိရသည်။
”သူတို့ရဲ့ခြံစည်းရိုးအနီးမှာ ဖောက်ခွဲတိုက်ခံရလို့ ဘယ်သူတွေလုပ်လဲ ဆိုတာမသိရကောင်းလားဆိုပြီး မိသားစုဝင်တွေကိုရန်ရှာသေးတယ်။” ဟု ၎င်းက ဆက်ပြောသည်။
အဆိုပါဖောက်ခွဲတိုက်ခံရမှုနှင့်ပတ်သက်ပြီး ဒေါ်နွဲ့ဦးနေအိမ်ဘေးရှိ အရပ်သားပြည်သူတစ်ဦးကိုလည်း ဖမ်းဆီးခံထားရကြောင်း ဆိုသည်။
အောက်တိုဘာလ ၂၁ ရက်တွင် စစ်ကောင်စီယာဥ်တန်းကို ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဦးက မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး တောင်ကြီးခရိုင်ရဲမူးအပါအဝင် ခုနှစ်ဦး သေဆုံး​ခဲ့ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *

You missed