ခမ်းသားငေါဝ်း
အောက်တိုဘာ ၂၂၊ ၂၀၂၃
စစ်ကောင်စီဦးဆောင်ကျင်းပသည့် ဖောင်တော်ဦးဘုရားပွဲကို အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကိုယ်တိုင် မနေ့က တက်ရောက်ခဲ့ကြောင်း အင်းဒေသခံအမျိုးသားတစ်ဦးမှသိရသည်။
စစ်ခေါင်းဆောင်တက်ရောက်သည့် အင်းလေး ဖောင်တော်ဦးဘုရားပွဲကိုစစ်ကောင်စီက လုံခြုံရေးတင်းကြပ်စွာချထားခဲ့ကြောင်း သိရသည်။
“ဘုရားကြွတဲ့အပေါ်မူတည်ပြီးတော့ ဒီနိုင်ငံတော်အဆင့် အကြီးအကဲတွေကတော့ ဖောင်တော်ဦးဘုရားကို ယုံကြည်သက်ဝင်တဲ့စိတ်နဲ့လာရောက်ပြီးတော့ ပင့်ဆောင်တာတွေရှိတယ်။ လုံခြုံရေးကတော့ အတိုင်းတာတစ်ခုထိတော့ချထားတယ်”ဟုအမည်မဖော်လိုသည့် အင်းဒေသခံတစ်ဦးကပြောသည်။
အင်းဒေသခံများသည် ခရီးသွားလုပ်ငန်းကိုမှီခိုပြီး အသက်မွေးဝမ်းကြောင်းပြုရခြင်းဖြစ်ပြီး ဘုရားပွဲပြန်လည်ကျင်းပခြင်းကြောင့် ဒေသခံများအတွက်ကောင်းစေကြောင်း၎င်းကဆက်ပြောသည်။
ယခုနှစ်အင်းလေးဘုရားပွဲသည် စစ်ကောင်စီက ဘာသာရေးအသုံးချ နိုင်ငံရေး အမြတ်ထုတ်ခြင်းဖြစ်သည်ဟုပြောဆိုပြီး အင်းလေးတော်လှန်ရေးအင်အားစုက ကန့်ကွက်ထားသည်။
(၃)နှစ်ကြာရပ်နားထားခဲ့ရသည့် အင်းလေးဖောင်တော်ဦးဘုရားပွဲကို ယခုနှစ် အောက်တိုဘာ ၁၅ ရက်နေ့မှ နိုဝင်ဘာ ၁ ရက်နေ့ထိကျင်းပနေ ပြီး ၂၁ ဌာနဒေသစာရီကြွချီမည်ဖြစ်ကြောင်းသိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *