ခမ်းသားငေါဝ်း
သြဂုတ် ၁၃၊ ၂၀၂၅
https://www.facebook.com/share/p/14FZtn2PZ29/
ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့နယ် နောင်ကျောကျေးရွာအုပ်စုနှင့် တောင်ရှေ့ကျေးရွာ အုပ်စုအတွင်း စစ်တပ် စစ်တပ်လက်အောက်ခံ PNOပြည်သူ့စစ်နှင့် PNLAတို့ကြား တိုက်ပွား ဖြစ်ပွားပြီး ပြည်သူနေအိမ်အများအပြား မီးရှို့ဖျက်ဆီးခံရကြောင်း သိရသည်။
ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (PNLA) ၏ ထုတ်ပြန်ချက်တွင် စစ်တပ်နှင့် PNOပြည်သူ့စစ်မှ အင်အား အလုံးအရင်းဖြင့် ထိုးစစ်ဆင်လာသည့်အပြင် စစ်တပ်မှ လေကြောင်းအသုံးပြုကာ ပြည်သူနေအိမ်များနှင့် PNLA ဌာနချုပ်ကို ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဆိုထားသည်။
“ကျွန်တော်တို့က ပြည်သူရွာအတွင်း တပ်ဆွဲ နေရာယူတာမျိုး မရှိပါဘူး။ စစ်ကောင်စီနှင့် PNOပြည်သူ့စစ်မှ အင်အား(၁၀၀၀)ကျော်အသုံးပြုပြီး ထိုးစစ်ဆင်လာခဲ့တယ်။ ရွာအတွင်း ဝင်နိုင်သွားတဲ့အချိန်မှာ ပြည်သူနေအိမ်များကို မီးရှို့ခဲ့တယ်။ ပြည်သူ(၁)ဦးကိုလည်း ပစ်သတ်ခဲ့တယ်။ ကျွန်တော်တို့သိရှိရသလောက် လောလောဆယ် ကုလားလမ်းရွာနဲ့ နောင်ထောဝ်ကယန်းပိုင်းရွာကို မီးရှို့နေတာ အခုထိပဲ”ဟု PNLA၏ ပြောရေးဆိုခွင့်ရှိသူ ခွန်ရိန်းယံက ခမ်းသားငေါဝ်းကို ပြောသည်။
ဩဂုတ်လ (၉)ရက်နေ့က နောင်ထောဝ်ကျေးရွာအတွင်းသို့ စစ်ကြောင်းထိုးဝင်လာသည့် စစ်တပ်နှင့် PNOပြည်သူ့စစ်သည် နောင်ထောဝ်ကျေးရွာကြီးရှိ ကယန်းပိုင်းရပ်ကွက်နှင့် နောင်ထောဝ်ကုလားလမ်းကျေးရွာကို မီးရှို့ခဲ့သဖြင့် နေအိမ်(၂၄)အိမ်ထက်မနည်း မီးလောင်ပျက်စီးခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဆိုထားသည်။
ထို့အပြင် PNOပြည်သူ့စစ်မှ စလောင်းထောင်ရွာသား အသက်(၃၈)နှစ်အရွယ် အမျိုးသား(၁)ဦးကိုလည်း သတ်ဖြတ်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။
“PNO စပေါ်လာတုန်းက လူထုကြားက ပေါ်လာတဲ့အဖွဲ့ဖြစ်တယ်။ အခုကျမှ စစ်တပ်ရဲ့ လက်အောက်ခံ ဖြစ်သွားတယ်။လူတစ်စုရဲ့အာဏာကြောင့် ကိုယ့်ရဲ့ လူမျိုး ကျေးရွာတွေကို မီးတွေပြန်ရှို့နေတယ် ကိုယ့်လူမျိုးကိုပြန်သတ်နေတာက သေချာပြန်စဉ်းစားဖို့လိုပါတယ်။ သေချာစဉ်းစားပြီး ရုန်းထွက်ကြဖို့ တိုက်တွန်းပါတယ်”ဟု ခွန်ရိန်းယံက ဆက်ပြောသည်။
စစ်တပ်နှင့် PNOပြည်သူ့စစ်မှ အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်လာမှုကြောင့် နောင်ထောဝ်ကျေးရွာအနီးနှင့် ကောင်ထိုကျေးရွာအနီးမှ ဆုတ်ခွာခဲ့ရကြောင်း သိရသည်။
တိုက်ပွဲဖြစ်ပွားမှုကြောင့် ဒေသခံပြည်သူ (၂၀၀၀)ကျော် စစ်ဘေးတိမ်းရှောင်နေကြရကြောင်း သိရသည်။
တော်လှန်ရေးတပ်ဖွဲ့များ နေရာယူတပ်စွဲဖူးသည့် နေရာများတွင် စစ်တပ်လက်အောက်ခံ PNO ပြည်သူ့စစ်မှ ၎င်းတို့ပြန်လည်ထိန်းချုပ်နိုင်ပါက ဒေသခံနေအိမ်များကို တော်လှန်ရေးတပ်ဖွဲ့များနှင့် ဆက်စပ်နေသည်ဟုဆိုကာ မကြာခနမီးရှို့ဖျက်စီးလေ့ရှိကြောင်း ဒေသခံများပြောဆိုချက်အရသိရသည်။
စစ်တပ်နှင့် (PNO)ပြည်သူ့စစ်သည် ယခင်ကလည်း ဆီဆိုင်မြို့နယ် ဒေသခံ (၆၀၀၀) ကျော်ကို ကျေးရွာအတွင်းမှ မောင်းထုတ်ခဲ့ဖူးကြောင်း သိရသည်။
ထို့အပြင် ဆီဆိုင်မြို့နယ် တပူးထိုကျေးရွာကိုလည်း (၂ )ကြိမ်တိုင်တိုင် မီးရှို့ခဲ့သဖြင့် နေအိမ် (၂၀)ထက်မနည်း မီးလောင်ပျက်စီးခဲ့ရကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
PPV0011
ပုံ – PNLA
#လူ့အခွင့်အရေး
#ဆီဆိုင်မြို့နယ်
#နောင်ကျောကျေးရွာအုပ်စု
#တောင်ရှေ့ကျေးရွာအုပ်စုအတွင်း
#စစ်တပ်နှင့်စစ်တပ်လက်အောက်ခံ
#PNOပြည်သူ့စစ်
#PNLA
https://t.me/thepeoplevoicePaO
youtube channel ကြည့်ရန်
www.youtube.com/@khamsarngor7295
website ကြည့်ရန်