ခမ်းသားငေါဝ်း
သြဂုတ် ၁၃၊ ၂၀၂၅
https://www.facebook.com/share/p/174zxa22o2/
ပအိုဝ်းဒေသတွင်း ဒေသခံနေအိမ်များကို ဝုန်းဒိုင်းဝင်လာပြီး ဓါတ်ဆီလောင်းနေအိမ်မီးရှို့ခံရမှုကိစ္စသည် အများကြီး နစ်နာဆုံးရှုံးခဲ့ရသည်ဟု PNO ပြည်သူ့စစ် ဒုစစ် ဦးစီးချုပ် ဦးနေဝင်းထွန်း က နေအိမ် မီးရှို့သည့်ကိစ္စ တော်လှန်ရေးဘက်ကကျူးလွန်သည်ဟု စွပ်စွဲပြောဆိုသည့် ဗီဒီယိုဖိုင် လူမှုစာမျက်နှာတွင် တဖန် ထုတ်ပြန်ပြောဆိုလာသည်။
ဘယ်အချိန်ဘယ်နေရာက ဟောပြော ပြောဆိုထားခြင်းမသိရှိရသော်လည်း PNOလက်အောက်ခံ မောင်းမွူးခံꩻမှ သြဂုတ် ၁၂ ရက်နေ့က ထုတ်ပြန်လာခြင်းဖြစ်သည်။
“ပအိုဝ်းအိမ်တစ်အိမ် ရှမ်းအိမ်တစ်အိမ်ပဲပြောပြော အရင်တုန်းက သစ်လေးဝယ်စု၊ သွပ်မိုးလေးဝယ်စုလိုက်နဲ့ အိမ်တစ်လုံးဖြစ်ဖို့ဆိုရင် (၅)နှစ် (၁၀)နှစ်ကြာတယ်၊ ဒီနေ့အချိန်မှာ ကြက်ကလေး ငှက်က လေးလိုဝင်လာ ပြီးတော့မှ ဝုန်းဒိုင်းကွမ်းနဲ့ ဓာတ်ဆီလောင်း မီးရှို့ခံရတဲ့ဟာဆို ဒါကျွန်တော်တို့တန်ဖိုးအများကြီး ဆုံးရှုံးနစ်နာ တယ်” ဟု၎င်းကဆက်ပြောသည်။
PNO ပြည်သူ့စစ် ဒုစစ်ဦးစီးချုပ် ဦးနေဝင်းထွန်းက တော်လှန်ရေးဘက်က ပအိုဝ်းဒေသတွင်း မီးရှို့ဖျက်စီးသည် ဟု ရည်ညွန်းပြောဆိုခဲ့ခြင်းဖြစ်ပြီး မြေပြင်တွင် PNO ပြည်သူ့စစ် တပ်ဖွဲ့ဝင်များ ပအိုဝ်းဒေသတွင်း မီးရှို့ဖျက်စီးသည့် ဗီဒီယိုဖိုင်များပျံ့နှံ့သည် ကို မျက်ကွယ်ပြုနေကြောင်း တော်လှန်ရေးလုပ်နေသည့် ရဲဘော်ပအိုဝ်းလူငယ်တစ်ဦးက ခုလိုပြောဆို လိုက်သည်။
အာဏာရှင်စနစ်တော်လှန်ရေးလုပ်နေသည့်ရဲဘော် ပအိုဝ်းလူငယ်တစ်ဦးက “သူတို့ကကျေးရွာတွေကို မီးရှို့ဖျက်စီးတဲ့ လုပ်ရပ်တွေက ဝန်မခံတဲ့အပြင် တစ်ဖက်လူတွေကလုပ်တယ်ဆိုပြီး စွပ်စွဲပြောဆိုတဲ့ဟာက ကိုယ့်လုပ်ရပ် အပေါ်မှာ တာဝန်ယူမှုတာဝန်ခံမှုမရှိသလို တာဝန်ယူဆောင်ရွက်ရဲတဲ့ သတ္တိမရှိတဲ့သူတွေရဲ့ လုပ်ရပ်လို့ပဲ ကျွန်တော်ပြောချင်ပါတယ်” ဟုခမ်းသားငေါဝ်းကိုပြောသည်။
ထို့အပြင် မိမိအကျိုးစီးပွားကို တန်ဖိုးထားကာ မိဘပြည်သူများအနေဖြင့် ပူးပေါင်းဆောင်ရွက်ရမည့်အချိန်ဟု PNOဒုစစ်ဦးစီးချုပ် ဦးနေဝင်းထွန်းပြောကြားထားသည်။
“ကျွန်တော်တို့စစ်ရေးဘက်ကိုအဓိကသွားတော့မယ် စစ်ရေးသွားမယ်ဆိုရင် မိဘပြည်သူတွေမပါလို့မရဘူး၊ ဓနအင်အား ရိက္ခာအင်အားတစ်ခုတစ်ညမဟုတ်ပဲနဲ့ မိမိတို့ခေါင်းဆောင်အဆက်ဆက် တော်လှန်ခဲ့တဲ့ ရယူပေးခဲ့တဲ့ ရေမြေတောတောင် သဘာဝ၊ လူမျိုးဘာသာ၊ သာသနာ၊ မိမိအကျိုးစီးပွားတွေကို တန်ဖိုးထားပြီးတော့မှ ပူးပေါင်းကာကွယ်ဆောင်ရွက်ရမယ့်အခြေနေ ဖြစ်နေပါပြီလို့ ကျွန်တော်ပြောချင်ပါတယ်” ဟု PNOဒုစစ်ဦးစီးချုပ် ဦးနေဝင်းထွန်းက ပြောသည်။
ဒေသခံတစ်ဦးက “အဲ့ဒါကသူ့အရှက်ကို စကားလုံးနဲ့ကာကွယ်လိုက်တာပဲဗျ၊ ညောင်ရွှေမြို့တောင်ဘက် ဘုရားတောင်ရွာဘက်မှာဆို တွဲကားကြီးနဲ့ပြည်သူ့ပိုင်ပစ္စည်းတွေမနည်းမနောပဲသူတို့သယ်သွားတာ”ဟု ခမ်းသားငေါဝ်းကိုပြောသည်။
PNO ပြည်သူ့စစ်က စစ်အသုံးစရိတ်များကိုပအိုဝ်းပြည်သူလူထုထံ လစဥ်ကောက်ခံနေကြောင်းသေခံထံသိရသည်။
၎င်းတို့၏ကိုယ်ကျိုးစီးပွားအတွက် ပအိုဝ်းအမျိုသားရေးကိုခုတုံးလုပ်ကာ ပအိုဝ်းပြည်သူများကို အကာအကွယ်တစ်ခုအနေနဲ့ အသုံးချနေခြင်းဖြစ်ကြောင်း တော်လှန်ရေလုပ်နေသည့် ရဲဘော်ကလည်းထိုသို့ပြောဆိုလိုက်သည်။
တော်လှန်ရေးတပ်ဖွဲ့များ နေရာယူတပ်စွဲဖူးသည့်နေရာများတွင် စစ်ကောင်စီလက်အောက်ခံ PNOပြည်သူ့စစ်က ၎င်းတို့ပြန်လည်ထိန်းချုပ်နိုင်ပါက ဒေသခံနေအိမ်များကို တော်လှန်ရေးတပ်ဖွဲ့များနှင့် ဆက်စပ်နေသည်ဟုဆိုကာ မကြာခနမီးရှို့ဖျက်စီးလေ့ရှိကြောင်း ဒေသခံများပြောဆိုချက်အရသိရသည်။
ခမ်းသားငေါဝ်းမှ (၂၀၂၅)ခုနှစ်အတွင်း ရရှိထားသည့် သတင်းအချက်အလက်များအရ PNOပြည်သူ့ စစ်ဘက်မှ မီးရှို့ဖျက်စီးမှုကြောင့် မေလနောက်ဆုံးပတ်တွင် ဆောင်ပြောင်းရွာဒေသခံနေအိမ် အလုံး(၅၀) ထက်မနည်း ပျက်စီးခဲ့ရပြီး၊ ဇွန်လအတွင်းတွင် ဆီဆိုင်မြို့နယ် တပူးထိုရွာ ဒေသခံနေအိမ်(၆)လုံး၊ ညောင်ရွှေမြို့နယ်၊ ထီခိုးနှင့် ဘုရားတောင်ရွာတွင် ဒေသခံနေအိမ် (၄၀)ကျော်၊ ဖယ်ခုံအင်းအရှေ့ဘက်ကမ်း ဆောင်းနန်းခဲရွာလုံးကျွတ် စသည်တို့ကို မီးရှို့ဖျက်စီးခဲ့ကြောင်း သိရသည်။
#PPV007
#Humanright
#shanstate
#PNO
#နေဝင်းထွန်း
#စစ်အသုံးစရိတ်
#အထူးဒေသ၆
ခမ်းသားငေါဝ်း Telegram ကြည့်ရန်
https://t.me/thepeoplevoicePaO
youtube channel ကြည့်ရန်
www.youtube.com/@khamsarngor7295
website ကြည့်ရန်