ခမ်းသားငေါဝ်း
သြဂုတ် ၈၊ ၂၀၂၅

https://www.facebook.com/share/p/1Bv8MFxmZA/

လာမည့်ဒီဇင်ဘာတွင်စစ်တပ်က ကျင်းပမည့် ရွေးကောက်ပွဲနှင့် စစ်အုပ်စုအကျိုးစီးပွားအပေါ် လုပ်ဆောင်‌ပေးနေသည့် မြန်မာသတင်းမီဒီယာကောင်စီ(MPC)ကို ကန့်ကွက်ရှုတ်ချကြောင်း လွတ်လပ်သော မြန်မာသတင်းမီဒီယာကောင်စီ (IPCM)က ယနေ့ ဩဂုတ်လ (၈)ရက် ရက်စွဲဖြစ် ထုတ်ပြန်သည်။

ရွေးကောက်ပွဲနှင့် ပတ်သက်ပြီး စစ်တပ်ကြေညာ ထားသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေး ကောက်ပွဲကို နှောင့်ယှက်ဟန့်တား ဖျက်စီးခြင်းမှ ကာကွယ်ပေးရေး ဥပဒေသည် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နှင့် သတင်းမီဒီယာ လွတ်လပ် ခွင့်တို့ကို ပြင်းထန်စွာ တားမြစ်ထားခြင်းနှင့် အများပြည်သူကို ခြိမ်းခြောက်ရာ ရောက်ကြောင်းလည်း ထောက်ပြထားသည်။

ဇူလိုင်(၃၀)ရက်နေ့က ပြဌာန်းခဲ့သည့် ဆိုက်ဘာလုံခြုံရေး ဥပဒေသည်လည်း ပြည်သူတို့၏ ဒစ်ဂျစ်တယ်အခွင့်အရေးကို ချိုးဖောက်ခြင်း၊ နိုင်ငံရေး အတိုက်အခံများကို စောင့်ကြည့်ထောက်လှမ်းခြင်း၊ သတင်းမီဒီယာသမားများ၊ ပြည်သူများ၏ လွတ်လပ်စွာ ထုတ်ဖော်ရေးသားဖြန့်ချိခြင်းကို အရေးယူရန်အတွက် လုပ်ပိုင်ခွင့်ကို ချဲ့ထွင်ထားသော ဥပဒေဖြစ်၍ ပြင်းထန်စွာ ကန့်ကွက်ကြောင်း ဖော်ပြထားသည်။

ထို့အပြင် အရေးပေါ်ကာလ ပြီးဆုံးပြီဟု ဆိုသော်လည်း နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာလွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာလုံခြုံမှုကို ကာကွယ်ပေးရေးဥပဒေပါ အခွင့်အရေးများ ဆက်လက်ရုပ်သိမ်း ခံထားရပြီး စစ်အုပ်စုအနေဖြင့် မည်သူကိုမဆို အချိန်မရွေး၊ နေရာမရွေး ဝင်ရောက် ဖမ်းဆီးစစ်ဆေးခွင့်ပေးထားဆဲဖြစ်ကြောင်းလည်းထောက်ပြသည်။

အာဏာသိမ်းစစ်အုပ်စု အကျိုးစီးပွားအတွက် ကိုယ်စားပြုလုပ်ဆောင်နေသည့် (MPC) အဖွဲ့သည် မတရားဖမ်းဆီးခံထားရသော သတင်းသမား (၃၇) ဦးနှင့် လွတ်လပ်သော မြန်မာသတင်းမီဒီယာများ၏ အကျိုးစီးပွားအပေါ် ကိုယ်စားပြုခြင်းနှင့် လွတ်လပ်လုံခြုံစွာ သတင်းရေးသား ထုတ်လုပ်ခြင်းအပေါ် ကာကွယ်ပေးခြင်း မရှိသည့်အပြင် မီဒီယာဆိုင်ရာ ချိတ်ဆက်လုပ်ဆောင်မှုများနှင့် အကျိုးဆက်များအား အသိအမှတ်မပြုသောကြောင့် (IPCM) အနေဖြင့် ကန့်ကွက် ရှုတ်ချကြောင်း ဖော်ပြထားသည်။

အထူးသဖြင့် စစ်ကောင်စီအုပ်စုသည် (MPC)မှတဆင့် ရွေးကောက်ပွဲအစီစဉ်ကို လွတ်လပ်မျှတသယောင် အိမ်နီးချင်းနိုင်ငံများ၏ သတင်းအဖွဲ့အစည်းများ၊ သတင်းမီဒီယာကောင်စီများထံ စေလွတ်ပြီး ကြိုးစားစည်းရုံးနေခြင်းသည် မြန်မာနိုင်ငံ၏ လွတ်လပ်သော သတင်းမီဒီယာအတွက် စိန်ခေါ်မှုကြီး ဖြစ်သည်ကို ဒေသတွင်းနှင့် နိုင်ငံတကာ သတင်းမီဒီယာမိတ်ဖက်ကို အသိပေးလိုကြောင်း ဖော်ပြထားသည်။

(IPCM) သည် လွတ်လပ်သော မြန်မာသတင်းမီဒီယာဌာန (၄၀) နှင့် တသီးပုဂ္ဂလသတင်းသမားများ၊ မီဒီယာကျွမ်းကျင်သူများ၊ ဥပဒေပညာရှင်များဖြင့် စုဖွဲ့ထားပြီး သတင်းမီဒီယာလွတ်လပ်ခွင့်၊ လွတ်လပ်လုံခြုံစွာ သတင်းရယူနိုင်ရေး၊ သတင်းမီဒီယာ ကျင့်ဝတ် လိုက်နာကျင့်သုံးရေးနှင့် မြန်မာ့သတင်းမီဒီယာဖွံ့ဖြိုးရေး တို့အတွက် ကိုယ်စားပြု ရပ်တည်ဆောင်ရွက်နေသည့် တရားဝင် အဖွဲ့အစည်းဖြစ်သည်။

#PPV0011
#IPCM
#media
#News
#MPC
#shanstate
#Khamsarngor

ခမ်းသားငေါဝ်း Telegram ကြည့်ရန်
https://t.me/thepeoplevoicePaO

youtube channel ကြည့်ရန်
www.youtube.com/@khamsarngor7295

website ကြည့်ရန်

Home