ခမ်းသားငေါဝ်း
ဇူလိုင် ၂၂၊ ၂၀၂၅
https://www.facebook.com/share/p/1MAqQvKq79/
သပြေကုန်းကျေးရွာအုပ်စု(အွိုင်ႏတဖြေကွုံꩻ)တွင် စစ်မှုထမ်းရန်အတွက် စစ်ကောင်စီကစတင်ခေါ်ယူနေပြီး ၎င်းတို့အတွက် လစာများကို ရွာသားများကပေးဆောင်ရန် စစ်ကောင်စီကပြောဆိုထားကြောင်း ဇူလိုင်လ(၂၂)ရက်နေ့တွင် ဒေသခံထံမှသိရသည်။
ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ သပြေကုန်းကျေးရွာအုပ်စု(အွိုင်ႏတဖြေကွုံꩻ)တွင် ဒေသခံများက PNOပြည်သူ့စစ်ထံစစ်မှုထမ်းနေရသော်လည်း ယခုအချိန်တွင် စစ်ကောင်စီက စစ်မှုထမ်းရန်အတွက် တစ်ရွာ(၉)ယောက်ဆီ ထပ်မံခေါ်ယူနေကြောင်း သိရသည်။
“ဟိုရက်ကအစည်းဝေးခေါ်တာ တစ်ရွာ(၉)ယောက် နိုင်ငံတော်အတွက် (၃)နှစ်တာ စစ်မှုထမ်းရမယ်လို့ပြောသွားတာ၊ အဲ့(၉)ယောက်အတွက်ကိုလည်း သူတို့ကလစာမပေးနိုင်တော့ ရွာသူရွာသားတွေကပဲ ပြန်ထောက်ပံ့ပေးရမယ်တဲ့ တစ်အိမ်ဘယ်လောက်တော့မပြောထားသေးဘူး၊ အရင်က PNO ပြောတာ သူတို့ထဲဝင်ရင် စစ်ကောင်စီခေါ်တဲ့ဟာလွတ်မယ်၊ ခေါ်ခဲ့ရင်လည်းတာဝန်ယူပြောပေးမယ်ပြောတာ အခုတော့ နိုင်ငံတော်ကမူပြောင်းပြီလို့ပြောတာပဲ ဘယ်လိုထပ်လာမလည်းသိသေးဘူး”ဟု ဒေသခံတစ်ဦးက ခမ်းသားငေါဝ်းကိုပြောသည်။
သပြေကုန်းကျေးရွာအုပ်စုအတွင်းရှိ ဒေသခံများသည် စစ်ကောင်စီခေါ်မည့် စစ်မှုထမ်းအစီစဥ်ကို လက်မခံကြကြောင်း သို့သော်လာမည့်ရက်ပိုင်းအတွင်း စစ်ကောင်စီဘက်က နောက်တစ်ကြိမ်အစည်းဝေးထပ်ခေါ်ရန်ရှိပြီး ထိုအချိန်ကျမှ အခြေနေအတိအကျ သိနိုင်မည်ဟု ၎င်းကပြောသည်။
နောက်ထပ်ဒေသခံတစ်ဦးက “အခုကျွန်တော်တို့က PNO ဘက်ခိုင်းထားတဲ့ ရှေ့တန်းမှာကင်းစောင့်ကူပေးတဲ့ဟာ လည်းလုပ်ပေးနေရတယ်၊ ထမင်းထုပ်ဆိုလည်းအလှည့်ကျနေ့တိုင်းပို့ပေးရတယ်၊ အခွန်တွေလာကောက်ရင်လည်း ကြည်ကြည်ဖြူဖြူနဲ့ထည့်ပေးကြတယ်၊ ဒါပေမဲ့အခုကနိုင်ငံတော်က စစ်မှုထမ်း(၃)နှစ်ထပ်ခေါ်မယ်ဆိုတော့ ဒါကျွန်တော်တို့ကို တမင်သက်သက်အနိုင်ကျင့်နေတာလို့ပဲမြင်တယ်၊ ကျွန်တော်တို့လည်း အလကားနေရတာမဟုတ်ဘူးလေ ဒီလိုကိစ္စကမဖြစ်သင့်ဘူး”ဟု ခမ်းသားငေါဝ်းကိုပြောသည်။
ထို့အပြင်စစ်ကောင်စီတပ်သည် စစ်မှုထမ်းအတွက် အသက်(၁၈)နှစ်မှ (၃၅)နှစ်အောက် လူငယ်များကို တစ်ရွာ(၉)ယောက်ခေါ်မည်ပြောထားပြီး နောက်ထပ်စစ်မှုထမ်းကိစ္စ၊ အခွန်ကိစ္စထပ်လာပါက ၎င်းတို့ကလွဲ၍ ကျန်သည့်ဒေသခံများက ထပ်မံခေါ်ခံရခြင်း သို့မဟုတ် ပေါ်တာဆွဲခံရမည်ဟုလည်း ပြောထားကြောင်း သိရသည်။
သပြေကုန်းကျေးရွာအုပ်စုအတွင်းရှိ ပအိုဝ်းရွာဒေသခံများသည် ယခင်ကတည်းကပင် PNOပြည်သူ့စစ်က အသက်(၁၈)နှစ်မှ (၄၀)အောက်ယောကျ်ားလေးများကို အခြေခံစစ်သင်တန်းတက်ခိုင်းပြီး ၎င်းတို့နှင့်အတူ ရှေ့တန်းစစ်မြေပြင်အနီးတွင် တစ်ရွာ(၁၀)ယောက် အလှည့်ကျကင်းစောင့်ပေးနေရကြောင်း သိရသည်။
#PPV007
#လူ့အခွင့်အရေး
#ညောင်ရွှေမြို့နယ်
#သပြေကုန်းကျေးရွာအုပ်စု
#အွိုင်ႏတဖြေကွုံꩻ
#PNOပြည်သူ့စစ်ထံစစ်မှုထမ်းနေရ
#စစ်မှုထမ်းရန်
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။
signal – https://signal.me/#eu/b1BdB1VJ0J4DDza-uD79yC3cP7VuRGLNKT9z8_N_mdcUbrnJioZDPaAJDrB21W7