ခမ်းသားငေါဝ်း
ဇူလိုင် ၁၇၊ ၂၀၂၅

https://www.facebook.com/share/p/19d83UmY8C/

စစ်ရာဇဝတ်မှုများ ဆက်လက်ကျူးလွန်နေသည့် စစ်‌ကောင်စီအပေါ် တိုက်ရိုက်ထုတ်ဖော်ရှုတ်ချမှုနှင့် ထိရောက်စွာ အရေးယူကိုင်တွယ်မှုမရှိသည့် အာဆီယံအပေါ် များစွာ စိတ်ပျက်ရကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG က ဇူလိုင်(၁၆)ရက် ရက်စွဲဖြင့် ထုတ်ပြန်ထားသည်။

မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့မှာ ဇူလိုင်(၉)ရက်က ကျင်းပခဲ့သည့် (၅၈)ကြိမ်မြောက် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး၏ ပူးတွဲကြေညာချက်နှင့် ပတ်သက်ပြီး NUG အစိုးရ၊နိုင်ငံခြားရေးဝန်ကြီးဌာနက မြန်မာ့အရေးအပေါ် ဆက်လက်အလေးထားသည့် ဖော်ပြချက်များ ထည့်သွင်းပါဝင်သည့်အတွက် ကြိုဆိုကြောင်း ထုတ်ပြန်ထားသည်။

“အာဆီယံ၏ မြန်မာနိုင်ငံတွင်း ပဠိပက္ခများ ပိုမိုမြင့်တက်လာမှုနှင့် လူသားချင်းစာနာထောက်ထားခြင်းဆိုင်ရာ အခြေအနေများ ပိုမိုဆိုးရွားလာမှုအပေါ် စိုးရိမ်ပူပန်ကြောင်း ဖော်ပြချက်၊ အရပ်သားပြည်သူများနှင့် အများပြည်သူဆိုင်ရာ အဆောက်အအုံများအား ပစ်မှတ်ထားကာ အကြမ်းဖက်မှုများ ဆက်လက်ဖြစ်ပွားနေမှုအပေါ် ရှုတ်ချချက်နှင့် အကြမ်းဖက်မှုများ ချက်ချင်းရပ်တန့်ရန်အတွက် တိကျခိုင်မာသော ဆောင်ရွက်မှုများပြုလုပ်ရန် တိုက်တွန်းချက်များ ပါဝင်သော်လည်း အာဆီယံအနေဖြင့် ကြီးလေးသည့် စစ်ရာဇဝတ်မှုများ ဆက်လက်ကျူးလွန်နေသည့် အကြမ်းဖက် စစ်အုပ်စုအပေါ် တိုက်ရိုက်ထုတ်ဖော်ရှုတ်ချမှုနှင့် အရေးယူကိုင်တွယ်မှု မရှိသည့်အတွက် များစွာ စိတ်ပျက်‌ရပါသည်”ဟု NUGမှ ထုတ်ပြန်ထားသည်။

ဘုံသဘောတူညီချက်(၅)ရပ်အား အာဆီယံ၏ အဓိကရည်ညွှန်းချက်အဖြစ် အတည်ပြုကြောင်း အကြိမ်ကြိမ် ထုတ်ပြန်အသိပေးခဲ့သော်လည်း၊ စစ်အုပ်စုသည် အရပ်သားပြည်သူ များအား ပစ်မှတ်ထားကာ အကြမ်းဖက်ရက်စက်မှုများကို ကျယ်ပြန့်စွာ ဆက်လက် ကျူးလွန်လျက်ရှိကြောင်း ဖော်ပြထားသည်။

ထို့အပြင် စစ်ကောင်စီ၏ တရားမဝင်အတုအယောင် ရွေးကောက်ပွဲ ကြံစည်နေမှုမှာ အာဆီယံ ဘုံသဘောတူညီချက်ပါ အဆုံးသတ်ရေး ဟူသည့် အချက်ကို ဆန့်ကျင်နေသော်လည်း အာဆီယံအနေဖြင့် ယင်းတရားမဝင် အတုအယောင် ရွေးကောက်ပွဲအပေါ် သတိပေးဟန့်တားမှု တစ်စုံတစ်ရာ မပါရှိသည့်အတွက် စစ်အုပ်စုအား သွယ်ဝိုက်၍ အကာအကွယ်ပေးနေသည့် သဘော သက်ရောက်နိုင်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် ရှုမြင်ကြောင်း ဖော်ပြထားသည်။

၎င်းအပြင် အာဆီယံဥက္ကဌ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်အဖြစ် (၂၀၂၅)ခုနှစ်မှစ၍ နိုင်ငံတကာအဖွဲ့အစည်းများ၊ အိမ်နီးချင်းနိုင်ငံများနှင့် ထိတွေ့ချိတ်ဆက် ဆောင်ရွက်နေသော်လည်း မြန်မာနိုင်ငံသို့သွားရောက်၍ မတရားဖမ်းဆီးခံထားရသည့် ခေါင်းဆောင်များနှင့် တွေ့ဆိုနိုင်ရေးအတွက် စစ်ကောင်စီအ‌ေပါ် စည်းရုံးဖိအားပေးနိုင်စွမ်း မရှိနေသည့်အပေါ်လည်း မြန်မာ့အရေး ကိုင်တွယ်ဖြေရှင်းနိုင်စွမ်း အကန့်အသတ်ရှိနေသည်ကို ဖော်ပြရာရောက်ကြောင်း ထောက်ပြထားသည်။

စစ်ကောင်စီ အုပ်စုကို ဖိအားပေး အရေးယူမှုနှင့် လက်တွေ့ကျ သင့်လျော်သည့် ဆောင်ရွက်မှုများ အပါအဝင် လိုအပ်သည့် မဟာဗျုဟာ များ ချမှတ်ဆောင်ရွက်သွားရန် အမျိုးသားညီညွတ်ရေးအစိုးရက အလေးအနက် တိုက်တွန်းကြောင်း ထုတ်ပြန်ထားသည်။

PPv0011
ပုံ-အွန်လိုင်း
#လူ့အခွင့်အရေး
#စစ်ရာဇဝတ်မှု
#ဆက်လက်ကျူးလွန်နေ
#တိုက်ရိုက်ထုတ်ဖော်ရှုတ်ချမှု
#ထိရောက်စွာအရေးယူကိုင်တွယ်မှု
#အာဆီယံ
#အမျိုးသားညီညွတ်ရေးအစိုးရ
#NUG

“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။
signal – https://signal.me/#eu/b1BdB1VJ0J4DDza-uD79yC3cP7VuRGLNKT9z8_N_mdcUbrnJioZDPaAJDrB21W7