ခမ်းသားငေါဝ်း
ဇူလိုင် ၁၂၊ ၂၀၂၅
https://www.facebook.com/share/p/1G53Sanhix/
စစ်ကောင်စီမှ အတုအယောင် ရွေးကောက်ပွဲကျင်းပရန် ပြင်ဆင်ခြင်းသည် နိုင်ငံတော်၏ အချုပ်အခြာ အာဏာကို မတရားရယူရန် ကြိူစားခြင်းသာ ဖြစ်သောကြောင့် တအာင်း(ပလောင်)အမျိုးသားပါတီအနေဖြင့် ကန့်ကွက်ရှုံ့ချကြောင်း ဆိုသည်။
ပြီးခဲ့သည့်ဇွန်လနောက်ဆုံးပတ်က လွတ်မြောက်နယ်မြေတစ်နေရာတွင်(၃)ရက်ကြာကျင်းပခဲ့သည့် တအာင်း(ပလောင်)အမျိုး သားပါတီ (၆)လပတ် ဗဟိုကော်မတီ မျက်နှာစုံညီအစည်းအဝေးမှတဆင့် ပြောဆိုထားခြင်းဖြစ်သည်။
ထို့အပြင်စစ်ကောင်စီကျူးလွန်သော စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သော ရာဇဝတ်မှုများ၊ အကြမ်းဖက်မှုများကို ကန့်ကွက်ပြီး နိုင်ငံတကာ အဖွဲ့အစည်းအနေဖြင့်လည်း ကျူးလွန်မှုအပေါ် အမြန်ဆုံး တားဆီးအရေးယူနိုင်ရန်လည်း တိုက်တွန်းထားသည်။
“ဗုံးကြဲနေတဲ့ လုပ်ရပ်တွေအပေါ် ပြင်းပြင်းထန်ထန်ကန့်ကွက်ပါတယ် ။ ပြီးတော့ နိုင်ငံတကာအနေနဲ့လဲ ဒီလိုကျူးလွန်မှုတွေအပေါ် အမြန်ဆုံး တားဆီးအရေးယူဖို့ တိုက်တွန်းလိုပါတယ်ဗျ၊ ကျနော်တို့ကပြည်သူနဲ့တသားထဲရှိနေပါတယ်”ဟု တအာင်းအမျိုးသားပါတီ အထွေ ထွေအတွင်းရေးမှူး မိုင်းနိုင်ဂေါင်ဇာရ်က ခမ်းသားငေါဝ်းကိုပြောသည်။
စစ်ကောင်စီမှ ကျင်းပခဲ့သော ဟန်ပြငြိမ်းချမ်းရေး ဖိုရမ်(Peace Forum)သည်လည်း မြန်မာပြည်၏ ပဠိပက္ခကို ဖြေရှင်းနိုင်မည် မဟုတ်ကြောင်းထုတ်ဖော်ပြောဆိုထားသည်။
တအာင်းအမျိုးသားပါတီ အနေဖြင့် တအာင်းနိုင်ငံရေးအတိုင်ပင်ခံကော်မတီ-TPCCမှ တအာင်းပြည်ကောင်စီ-TLC ပြောင်းလဲဖွဲ့စည်းခြင်းအပေါ် ကြိုဆိုထောက်ခံပြီး TLCမှ ဦးဆောင် အကောင်ထည်ဖော်မည့် “တအာင်းပြည်တော်လှန်ရေးကာလအစိုးရ အစီအမံ”တွင် ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်သည်။
“ဒီချိန်မှာလဲ ကျနော်တို့ တော်လှန်ရေးရဲ့ အမြင့်ဆုံးရေချိန်ရောက်ရှိနေပြီဖြစ်တယ်။ ဒါကြောင့် ဒီတော်လှန်ရေးခရီးကြမ်းမှာ အောင်ပွဲတွေကို အတူတကွ ဆွတ်ဆူးနိုင်ဖို့ ညီညီညွတ်ညွတ်နဲ့ သွားကြရမယ်လို့ ပြောချင်ပါတယ်”ဟု တအာင်းအမျိုးသားပါတီ အတွင်းရေးမှူက ထပ်လောင်း ပြောဆိုသည်။
တအာင်းအမျိုးသားပါတီအနေဖြင့် ဘုံရန်သူဖြစ်သည့် အာဏာရှင် စနစ်ကို အမြစ်ပြတ်၍ မြန်မာပြည် တော်လှန်ရေး၏ အန္တိမ ပန်းတိုင် ဖြစ်သော ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ်ဆီသို့ ပြည်သူလူထုတစ်ရပ်လုံးနှင့်အတူ ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်၊၊
#PPV0011
#နိုင်ငံရေး
#TNP
#တအာင်းအမျိုးသားပါတီ
#ရွေးကောက်ပွဲရှုံ့ချ
ခမ်းသားငေါဝ်း Telegram ကြည့်ရန်
https://t.me/thepeoplevoicePaO
youtube channel ကြည့်ရန်
www.youtube.com/@khamsarngor7295
website ကြည့်ရန်