ခမ်းသားငေါဝ်း

ဇူလိုင် ၁၊ ၂၀၂၅

https://www.facebook.com/share/p/1LwozozBRW/

ဟိုပုံးမြို့နယ်ရှိ လွယ်အွန်းကျေးရွာအုပ်စုတွင် PNO ပြည်သူ့စစ်က ရှေ့တန်းမတက်သည့် ဒေသခံများကို တစ်လ(၁၀)သိန်း ဆက်ကြေးကောက်ခံနေကြောင်း ဇူလိုင်လ(၁)ရက်နေ့တွင် ဒေသခံထံမှ သိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဟိုပုံးမြို့နယ်၊ လွယ်အွန်းကျေးရွာအုပ်စုရှိ လူငယ်လူရွယ်များကို PNO ပြည်သူ့စစ်က အတင်းအဓမ္မစစ်သင်တန်းတက်ခိုင်းနေပြီး ယခုချိန်တွင် ဒေသခံများကိုရှေ့တန်းစစ်မြေပြင်သို့ ပို့ဆောင်ခြင်းပြုလုပ်နေကြောင်း သိရသည်။

“လွယ်အွန်းကျေးရွာအုပ်စုမှာရှိတဲ့ ရွာတွေမှာရှေ့တန်းမတက်ချင်တဲ့ လူတွေကို တစ်လစာအတွက်(၁၀)သိန်း၊တစ်သက်စာအတွက် သိန်း(၈၀)ကောက်ခံနေတယ်၊ ကျေးရွာဥက္ကဌဦးစွာနဲ့ စစ်သင်တန်းတာဝန်ခံ ဗိုလ်မှူးခွန်သုတ၊ ခွန်လှကြွယ်၊ ခွန်ထွန်းကြည်တို့ စတဲ့ဗိုလ်လေးတွေက ကောက်ခံနေတာ”ဟု ဒေသခံတစ်ဦးက ခမ်းသားငေါဝ်းကိုပြောသည်။

ဒေသခံအချို့သည်ငွေကြေးအဆင်မပြေသဖြင့် ပိုက်ဆံချေးယူကာပေးဆောင်နေရပြီး၊ အချို့ကနိုင်ငံခြားထွက်ပြေးတိမ်းရှောင်ပြီး အချို့ကမတတ်နိုင်သည့်အဆုံး ရှေ့တန်းလိုက်တက်ရသည့် သူများလည်းရှိနေကြောင်း သိရသည်။

“အခုသူတို့ရှေ့တန်းတက်ခိုင်းတဲ့လူတွေက ပြည်သူ့စစ်သင်တန်းမတက်ချင်ပဲ တက်နေရတဲ့လူတွေပါပဲ၊ အမိန့်အာဏာကိုဖီဆန်လို့မှမရတာ ထီကတူးရွာကတစ်ယောက်ဆို သူတို့နဲ့ ငြင်းခုံလို့လူကြီးတွေက သူ့အိမ်ထိလိုက်လာပြီး ဒဏ်ငွေရိုက်သေးတယ်၊ ၁၅သိန်းပေးလိုက်ရတယ်”ဟု သူကဆက်ပြောသည်။

PNOပြည်သူ့စစ်သည် လွယ်အွန်းကျေးရွာအုပ်စုအတွင်း ရှေ့တန်းတက်ရန်တစ်ရွာကို လူအယောက် ၄၀/၄၅ယောက်ထိခေါ်ယူနေပြီး ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာဘက်သို့ ပို့ဆောင်နေကြောင်း သိရသည်။

လွယ်အွန်းကျေးရွာအုပ်စုထဲတွင် PNOပြည်သူ့စစ်က မကြာခနဆက်ကြေးကောက်ခံလေ့ရှိပြီး PNO အုပ်ချုပ်ရေးမှူး(အွိုင်ႏ)နှင့် လက်အောက်ခံများအချို့က ဆက်ကြေးကင်းလွတ်ခွင့်များရနေကြကြောင်း သိရသည်။

#PPV007
ပုံ-အွန်လိုင်း
#လူ့အခွင့်အရေး
#ပုံးမြို့နယ်
#လွယ်အွန်းကျေးရွာအုပ်စု
#လူငယ်လူရွယ်များ
#PNO
#အတင်းအဓမ္မစစ်သင်တန်းတက်ခိုင်းနေ
#ရှေ့တန်းစစ်မြေပြင်
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။
signal – https://signal.me/#eu/b1BdB1VJ0J4DDza-uD79yC3cP7VuRGLNKT9z8_N_mdcUbrnJioZDPaAJDrB21W7