ခမ်းသားငေါဝ်း
ဇွန်လ ၂၈၊ ၂၀၂၅

ဘယ်လာရုစ်အစိုးရမှ မြန်မာစစ်အုပ်စုထံ လေကြောင်းကာကွယ်ရေးစနစ် ရောင်းချထားပြီး ဝေဟင်အကြမ်းဖက်မှုတိုးမြှင့်နေချိန် စစ်ဘက်ဝန်ထမ်းများအား လေ့ကျင့်သင်ကြားပေးနေကြောင်း Justice For Myanmar က ယနေ့တွင် ထုတ်ပြန်သည်။

မြန်မာစစ်အုပ်စုအတွက် သီးသန့် ဒီဇိုင်းရေးဆွဲထားသည့် လေကြောင်းကာကွယ်ရေး အမိန့်ပေးစနစ် တရပ်ရောင်းချထောက်ပံ့ခြင်း၊ စစ်အုပ်စု၏ စစ်နက်လက်ထုတ်လုပ်ရေး နယ်ပယ်မှ စစ်ဘက်ဝန်ထမ်းအား ဘယ်လာရုစ် တက္ကသိုလ်များတွင် လေ့ကျင့် သင်ကြားပေးနေကြောင်း သိရသည်။

“အခု အထောက်အထားသစ်တွေအရ မြန်မာပြည်သူတွေအပေါ် အကြမ်းဖက်စစ်ဆင်ရေး ဆင်နွှဲပြီး၊ စစ်ရာဇဝတ်မှုတွေနဲ့ လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို အပစ်ပေးအရေးယူခံရခြင်း စိုးစဉ်းမရှိပဲ ကျူးလွန်နေတဲ့ စစ်အုပ်စုအပေါ် ဘယ်လာရုစ်နိုင်ငံက ဆက်ပြီးပံ့ပိုးကူညီနေတာကို ပြသနေပါတယ်။ ယူကရိန်းနိုင်ငံအပေါ် ရုရှားရဲ့ ကျူးကျော်ဝင်ရောက်မှုမှာ ဘယ်လာရုစ်နိုင်ငံရဲ့ ပံ့ပိုးမှုတွေရှိတာကို သိရှိထားပြီး ဖြစ်တဲ့အတွက် မြန်မာစစ်အုပ်စုနဲ့ ဘယ်လာရုစ်အစိုးရတို့အကြား ပူးပေါင်းဆောင်ရွက်မှုအပေါ်မှာလည်း အရေးတကြီး နဲ့ ပိုမိုကျယ်ကျယ်ပြန့်ပြန့် စိုးရိမ်သင့်ပါတယ်”ဟု Justice For Myanmar ၏ပြောရေးဆို ခွင့်ရှိသူ မရတနာမောင်က ပြောသည်။

လျှို့ဝှက်ပေါက်ကြားလာသည့် မြန်မာ့လေကြောင်းကာကွယ်ရေး ကွပ်ကဲမှုဌာနချုပ်နှင့် ဘယ်လာရုစ် အာဏာပိုင်များကြား ပေးစာတွင် မြန်မာ့လေကြောင်း ကာကွယ်မှု စစ်ဆင်ရေးဆိုင်ရာ အမိန့်ပေးစနစ်(MADOC) သုံးဘက်မြင်ရေဒါနည်းပညာနှင့် မြေပြင်အခြေစိုက် ဒုံးကျည်စနစ်များ၊ အဆင့်မြင့်စစ်ဘက်နည်းပညာများ လွှဲပြောင်းရောင်းချမှုများကို Justice For Myanmar မှ အတည်ပြုနိုင်ကြောင်း ဖော်ပြထားသည်။

လေကြောင်းကာကွယ်ရေး အမိန့်ပေးစနစ်သည် နိုင်ငံပိုင်ကုမ္ပဏီ Belspetsvnesh-technika (BSVT)မှ တဆင့် ရောင်းချထောက်ပံ့ခဲ့ပြီး တော်လှန်ရေးအင်အားစုများအသုံးပြုသည့် ဒရုန်းများအပါအဝင် ဝေဟင်ရှိအရာဝတ္ထုများကို ရှာဖွေနိုင်ခြင်း၊ ပစ်မှတ်အား အလိုအလျောက် ခြေရာခံလိုက်နိုင်ရန် ဒီဇိုင်းရေးဆွဲထားသည့် “မြင်ကွင်းကျယ်” အလိုအလျောက် ထိန်းချုပ်စနစ်နှင့် Vostok သုံးဘက်မြင် ရေဒါနည်းပညာတို့ ပါဝင်ကြောင်း သိရသည်။

မြန်မာဘက်ဝန်ထမ်းများသည် Belarusian State University of Informatics and Redioelectronics (BSUIR)တွင် ကျောင်းလျှောက်ထားတက်ရောက်နေပြီး လေကြောင်းကာကွယ်ရေးစနစ်များအတွက် ရေဒီယို အီလက်ထရောနစ်၊ အင်ဂျင်းနီးယားရင်းပညာရပ်များတွင် သုတေသနများ ဆောင်ရွက်လျက်ရှိကြောင်း ဖော်ပြထားသည်။

ထိုကျောင်းတက်ရောက်နေသော ကျောင်းသားများသည် နေပြည်တော်ရှိ အမှတ်(၄)ကာကွယ်ရေး ပစ္စည်းစက်ရုံနှင့် မန္တလေးရှိအမှတ်(၁၀) မြန်မာ့အကြီးစားစက်မှုလုပ်ငန်းတို့အပါအဝင် အရေးပါသည့် စစ်လက်နက် ထုတ်လုပ်ရေး စက်ရုံများနှင့် ဆက်နွှယ်နေသူများ ဖြစ်ကြောင်း ဖော်ပြထားသည်။

ယခုတွေ့ရှိချက်များသည် စစ်ကောင်စီမှ တော်လှန်ရေးအင်အားစုများ၏ ထိန်းချုပ်နယ်မြေများ ပိုမိုကျယ်ပြန့်လာသောကြောင့် လေကြောင်းတိုက်ခိုက်မှုများအပေါ် အလုံးစုံမှီခိုနေရချိန် ထွက်ပေါ်လာခြင်း ဖြစ်ကြောင်း ဖော်ပြထားသည်။

စစ်ခေါင်းဆောင်မင်းအောင်လှိုင်သည် (၂၀၂၅)ခုနှစ်အတွင်းမှာပင် ဘယ်လာရုစ်နိုင်ငံသို့(၂)ကြိမ် သွားရောက်ထားပြီး ထိပ်ပိုင်းခေါင်းဆောင်များနှင့် တွေ့ဆုံခဲ့ပြီး စစ်ရေးပူးပေါင်းဆောင်ရွက်မှုနှင့် ဘယ်လာရုစ်၏ ပါဝင်ပတ်သက်မှုကို တိုးမြှင့်လာစေခဲ့ကြောင်း ထောက်ပြထားသည်။

ထို့အပြင် ဘယ်လာရုစ်နိုင်ငံရှိ စစ်ဘက်ဆိုင်ရာတက္ကသိုလ်များမှ ကိုယ်စားလှယ်များလည်း (၂၀၂၅)ခုနှစ်အတွင်း မြန်မာနိုင်ငံသို့ အကြိမ်ကြိမ်လာရောက်ခဲ့ပြီး စစ်အုပ်စုမှ တိုက်ရိုက်အသုံးချနိုင်သည့် မြန်မာတက္ကသိုလ်များနှင့် သဘောတူစာချုပ်များကို ချုပ်ဆိုခဲ့ကြကြောင်း ဖော်ပြထားသည်။

“ဘယ်လာရုစ်အစိုးရနဲ့ မြန်မာစစ်အုပ်စုအကြား မိတ်ဖက်ဆောင်ရွက်မှုက နှစ်ပေါင်းများစွာကြာနေပါပြီ။ ဘယ်လာရုစ်နိုင်ငံက မြန်မာနိုင်ငံကို စစ်လက်နက်ကာကွယ် တားဆီးမှုအတွက် ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံတွင် တောင်းဆိုတဲ့ ၂၀၂၁ ခုနှစ် ကုလသမဂ္ဂအထွေထွေညီလာခံဆုံးဖြတ်ချက်ကို ကန့်ကွက် ဆန္ဒမဲပေးခဲ့တဲ့ တစ်ခုတည်းသော နိုင်ငံပဲဖြစ်ပြီး ရာဇဝတ်ကောင်တွေထဲမှာ အဲ့လိုပံ့ပိုးကူညီခဲ့တဲ့ အချိန်က စပြီး ပိုပိုနက်ရှိုင်းလာခဲ့တာ ဖြစ်ပါတယ်”ဟု Justice For Myanmar ၏ပြောရေးဆို ခွင့်ရှိသူ မရတနာမောင်က ပြောသည်။

ထို့ကြောင့် Dynasty Group အပေါ် ဒဏ်ခတ်ပိတ်ဆို့မှုများ ထပ်မံတိုးကျဲ့ခြင်း အပါအဝင် ဘယ်လာရုစ်နိုင်ငံနှင့် စစ်လက်နက်ကုန်သွယ်မှုတွင် ပါဝင်ခဲ့သည့် မြန်မာစစ်လက်နက်ပွဲစားများအပေါ် ပစ်မှတ်ထား ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ရန်၊ မြန်မာစစ်ဘက်ဝန်ထမ်းများအား လေ့ကျင့်သင်ကြားပေးနေသည့် ဘယ်လာရုစ်တက္ကသိုလ်များအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ရန် JFMက တောင်းဆိုထားသည်။

#PPV0011
#Humanright
#နိုင်ငံရေး
#လေကြောင်း
#ဘယ်လာရုစ်
#JFM

You missed